ဘရိုက်တန်ကိုသရေကျခဲ့ပြီးနောက် အာဆင်နယ်ပိုလုပ်နိုင်ခဲ့သင့်တဲ့အရာကို ထုတ်ဖော်ပြောကြားလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ဘရိုက်တန်ကိုသရေကျခဲ့ပြီးနောက် မိမိတို့အနေနဲ့ တိုက်စစ်ပိုင်းမှာ အခုထက်ပိုကောင်းသင့်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဝမ်နရီရဲ့သွင်းဂိုးနဲ့ အာဆင်နယ်ဟာ ဦးဆောင်နိုင်ခဲ့ပေမယ့် ဂျာအိုပက်ဒရိုရဲ့အငြင်းပွားဖွယ်ပင်နယ်တီကြောင့် ၂ မှတ်နစ်နာခဲ့ရပါတယ်။ရလဒ်အရ အာဆင်နယ်ဟာ တနင်္ဂနွေနေ့မှာ လီဗာပူးအသင်း ယူနိုက်တက်နဲ့မရင်ဆိုင်ခင် ၆ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။
အာတီတာက ဘရိုက်တန်ကိုပင်နယ်တီပေးခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒေါသထွက်မိပေမယ့် မိမိတို့အနေနဲ့ တိုက်စစ်ပိုင်းလိုအပ်ချက်ရှိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အာဆင်နယ်ဟာ မိနစ် ၉၀ လုံးမှာ ဂိုးပေါက်ကန်ချက် ၉ ကြိမ်ရှိခဲ့ပေမယ့် ၁ ဂိုးသာရရှိခဲ့ပြီး အာတီတာက မိမိတို့အနေနဲ့ အဆိုပါအပိုင်းမှာ တိုးတက်အောင်လုပ်ရမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ခင်ဗျားအနေနဲ့ ကစားသမားတစ်ဦးတည်းအပေါ်မှာပဲ မီခိုနေလို့မရပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ တော်တော်လေးဆိုးဝါးခဲ့ပါတယ်။ သေချာတဲ့အရာတွေ ကျွန်တော်တို့ ပြတ်လပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မှန်ကန်တဲ့နေရာမှာ မှန်ကန်တဲ့ကစားသမားမရှိတာကြောင့်ပါ။ သို့ပေမယ့်လည်း ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ လာမယ့်အင်္ဂါနေ့မှာ ကာရာဘောင်ဆီမီးဖိုင်နယ်ပွဲအဖြစ် နယူးကာဆယ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဝမ်နရီက ဘရိုက်တန်နဲ့ပွဲရဲ့ပထမပိုင်းအပြီးမှာ ဒဏ်ရာရခဲ့တယ်လို့ အာတီတာက အတည်ပြုခဲ့ပါတယ်။ ဆာကာကို လက်လွှတ်ထားရတဲ့အပြင် အိုဒီဂတ် ၊ ဟာဗက်ဇ်တို့ကလည်း အဖျားဝေဒနာတွေကြောင့် ကြံ့ခိုင်မှုမပြည့်ဝတဲ့အနေအထားမှာ ကစားသမားအင်အားလုံလောက်မှုမရှိခဲ့တာဖြစ်ပါတယ်။
စတာလင်ကတော့ လာမယ့်နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်လာနိုင်ဖွယ်ရှိနေပြီး ဇန်နဝါရီမှာ အာဆင်နယ်အနေနဲ့ လူအင်အားဖြည့်တင်းရဖွယ်ရှိနေပါတယ်။ “ကျွန်တော်တို့ တစ်ဦးချင်းစွမ်းဆောင်ရည်အပေါ်မူတည်ပြီး ဆုံးဖြတ်တာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း အခုအနေအထားက လူအင်အားမရှိတာကြောင့် ခက်ခဲနေပါတယ်။ အခုဆို အီသန်လည်း ဒဏ်ရာရခဲ့ပြန်ပါပြီ။
မာတင်တစ်ယောက် ပါဝင်နိုင်ခဲ့ပေမယ့် အဖျားဝေဒနာက မသက်သာသေးပါဘူး။ လာမယ့်အင်္ဂါနေ့မှာတော့ ပိုကောင်းတဲ့အနေအထားရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။