
ပီအက်စ်ဂျီကိုအနိုင်ရဖို့ မထင်မှတ်ထားတာတွေ လုပ်ပြနိုင်ရမယ်လို့ ပြောကြားလိုက်တဲ့ ဒီကလန်ရိုက်စ်
အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ကြာသပတေးနေ့နံနက် ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရရှိဖို့ အသင်းဟာ မှော်ဆန်တဲ့အခိုက်အတန့်တွေဖန်တီးပြီး မထင်မှတ်ထားတာတွေ လုပ်ပြနိုင်ရမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ပထမအကျော့က အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဒမ်ဘီလီရဲ့သွင်းဂိုးနဲ့ ပီအက်စ်ဂျီကို ၀-၁ နဲ့အရေးနိမ့်ထားခဲ့တာဖြစ်လို့ ၁၉ နှစ်အတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပြန်လည်တက်လှမ်းနိုင်ဖို့ ဒုတိယအကျော့ ပြင်သစ်မြေမှာ အနိုင်ရဖို့လိုအပ်နေပါတယ်။
ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ပထမအကျော့ကို အိမ်ကွင်းမှာရှုံးနိမ့်ပြီးမှ ဒုတိယအကျော့ကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်တဲ့အသင်းတွေထဲမှာ ၁၉၉၅-၉၆ ခုနှစ်က အေဂျက်စ်နဲ့ ၂၀၁၈-၁၉ ခုနှစ်က တော့တင်ဟမ်တို့ ၂ သင်းသာရှိခဲ့ပါတယ်။
ယခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ရာမှာ အာဆင်နယ်အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေပံ့ပိုးပေးခဲ့တဲ့ကစားသမားက ဒီကလန်ရိုက်စ်ဖြစ်ပြီး အင်္ဂလန်သားဟာ ရီးရဲလ်မက်ဒရစ်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပထမအကျော့မှာ ဖရီးကစ် ၂ လုံးကို တိုက်ရိုက်ကန်သွင်းယူပေးခဲ့ပါတယ်။
ယခုအခါမှာ ရိုက်စ်က "ကျွန်တော်တို့ မှော်ဆန်တဲ့အခိုက်အတန့်တွေ ဖန်တီးနိုင်ဖို့လိုပါတယ်။ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တုန်းကလိုပဲ ဒီပွဲမှာလည်း လုပ်နိုင်ဖို့လိုပါတယ်။ အဲဒီပွဲမှာ ကျွန်တော် ဖရီးကစ်ကနေ ၂ ဂိုးသွင်းနိုင်ခဲ့တာ မှော်ဆန်တဲ့ အခိုက်အတန့်တွေပါပဲ"
"မနက်ဖြန် ဆီးမီးဖိုင်နယ်ပွဲစဉ်မှာလည်း ဒီလိုမှော်ဆန်တာတွေ လုပ်ပြနိုင်ဖို့လိုပါတယ်။ မထင်မှတ်ထားတာတွေ ထပ်လုပ်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုဘောလုံးအဆင့်အတန်းမှာ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ သက်သေပြသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အင်္ဂလန်လက်ရွေးစင်က ယခုရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပီအက်စ်ဂျီကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲနဲ့ပတ်သက်ပြီး "ကျွန်တော်တို့ အဲဒီတုန်းက အနိုင်ယူခဲ့တဲ့အသင်းနဲ့ပဲ ဆက်လက်ရင်ဆိုင်ရမှာပါ။ ဒါကြောင့် ကြောက်ရွံ့မှုမရှိပါဘူး။ ဒါပေမယ့် ပထမအကျော့တုန်းက ပွဲအစ ၄ မိနစ်မှာပဲ ဂိုးပေးခဲ့ရလို့ နည်းနည်းတော့ တုန်လှုပ်ခဲ့မိပါတယ်"
"နောက်ပိုင်းမှာ ကျွန်တော်တို့ အခွင့်အရေးတွေပြန်ရခဲ့ပေမယ့် ဒွန်နာရမ်မာရဲ့ကာကွယ်မှုတွေက အရမ်းကောင်းခဲ့လို့ ချေပဂိုးမရခဲ့ပါဘူး။ သူတို့ကို အနိုင်ယူနိုင်တယ်လို့တော့ အပြည့်အဝယုံကြည်ခဲ့ကြပါတယ်။ မနက်ဖြန်ညမှာ အရမ်းကောင်းတဲ့ရလဒ်တစ်ခုကို ပုံဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။