
အိုဗီဒိုနဲ့အတူယှဉ်ပြိုင်သွားရမယ့် ပလေးအော့ဖ်ပွဲစဉ်ဟာ ကစားသမားဘဝ အရေးကြီးဆုံးပွဲစဉ်ဖြစ်တယ်လို့ဆိုလာတဲ့ ကာဇိုလာ
အာဆင်နယ်ကစားသမားဟောင်း ဆန်တီကာဇိုလာဟာ လက်ရှိအချိန်မှာ ငယ်ဘဝကလပ် ရီးရဲလ်အိုဗီဒိုမှာ ကစားသမားဘဝဖြတ်သန်းနေတာဖြစ်ပြီး လာလီဂါသို့တန်းတက်နိုင်ဖို့အတွက် ပလေးအော့ဖ်ပွဲစဉ်တွေ ကစားနေရတာဖြစ်ပါတယ်။ ကာဇိုလာက မီရန်ဒက်စ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်ဟာ သူ့ဘဝရဲ့အရေးကြီးဆုံးပွဲစဉ်ဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ အိုဗီဒိုဟာ လာလီဂါ(၂) အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာရပ်တည်နိုင်ခဲ့တာကြောင့် လာလီဂါသို့တန်းတက်နိုင်ဖို့ ပလေးအော့ဖ်ကစားခွင့်ရခဲ့ပါတယ်။ မီရန်ဒက်စ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပလေးအော့ဖ်ပထမအကျော့မှာတော့ အိုဗီဒိုဟာ ၁-၀ နဲ့ရှုံးနိမ့်ထားခဲ့တာဖြစ်လို့ ဒုတိယအကျော့မှာ မဖြစ်မနေနိုင်ပွဲဖော်ဆောင်သွားဖို့လိုအပ်နေတာဖြစ်ပါတယ်။
ကာဇိုလာဟာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ် ၂ ကြိမ်အထိဆွတ်ခူးထားနိုင်ခဲ့သလို၊ ကစားသမားဘဝမှာ ဆုဖလားပေါင်းများစွာ အောင်မြင်မှုရရှိထားပေမယ့် ယခုအခါမှာတော့ အိုဗီဒိုလိုအသင်းမျိုးမှာ ကစားသမားအဖြစ်ဖြတ်သန်းနေပြီး လာလီဂါသို့တက်လှမ်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အသက်-၄၀ နှစ်အရွယ်ကစားသမားက "ကျွန်တော်သိတာတစ်ခုကတော့ ဘာတွေပဲဖြစ်လာဖြစ်လာ၊ ဒီအသင်းမှာဆက်ရှိမယ်ဆိုတာပါပဲ။ ကျွန်တော်တို့ ဒီပွဲမှာစွန့်စားမှုတွေပြုလုပ်ဖို့လိုပါတယ်။ ကစားသမားတွေအားလုံး စည်းစည်းလုံးလုံးရှိနေပြီး နောက်ဆုံးကျန်တဲ့ခြေလှမ်းကို လှမ်းနိုင်ဖို့ကြိုးစားသွားရပါမယ်"
"နေ့စဉ်နဲ့အမျှတိုးတက်နေပြီး ဒုတိယအကျော့ပွဲစဉ်မှာ အကောင်းဆုံးအခြေအနေရှိဖို့ မျှော်လင့်ပါတယ်။ မန်နေဂျာကျွန်တော့်ကိုအလိုရှိသနေသမျှကာလပတ်လုံး ကျွန်တော်ဒီအသင်းမှာဆက်ရှိသွားမှာပါ။ ဒီပွဲက ကျွန်တော့်အတွက် အရေးကြီးဆုံးပါပဲ။ ကျွန်တော် အများကြီးတွေ့ကြုံခဲ့ဖူးပေမယ့် ကစားသမားဘဝအဆုံးသတ်ချိန်မှာ ဒီအသင်းနဲ့ပတ်သက်တဲ့ခံစားချက်က ထူးခြားပါတယ်။ နောက်ရာသီကျွန်တော် ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ တန်းတက်နိုင်ဖို့တော့ မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ အိုဗီဒိုဟာ ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်အဖြစ် မီရန်ဒက်စ်ကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး အနိုင်ရလဒ်နဲ့အတူ လာလီဂါသို့တန်းတက်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။