ဘိုင်ယန်စတားတစ်ဦးကို ခေါ်ယူချင်နေတဲ့ အာဆင်နယ်
ဂျာမနီကလာတဲ့သတင်းတွေအရ အာဆင်နယ်အသင်းဟာ ဘိုင်ယန်တောင်ပံကစားသမား ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဆာနေးရဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး အခုချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ မသေချာသေးတာကြောင့် အာဆင်နယ်ဘက်က အကောင်းမြင်နေပါတယ်။
အာတီတာကတော့ ဆာနေးနဲ့ အလုပ်အတူတူတွဲလုပ်ခဲ့ဖူးတာဖြစ်ပြီး မန်စီးတီးမှာလက်ထောက်နည်းပြလုပ်တုန်းက ဆာနေးနဲ့ ၄ ရာသီ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘက်ကတော့ ဘိုင်ယန်မှာဆက်နေချင်နေပြီး စာချုပ်သစ်ချုပ်ဆိုချင်နေတယ်လို့ သိရပါတယ်။
ဆာနေးဟာ စီးတီးအသင်းမှာ ၂၀၁၆ ကနေ ၂၀၂၀ အထိ ကစားခဲ့တာဖြစ်ပြီး ၂၀၁၉ - ၂၀ တုန်းကတော့ အရွတ်ကြောဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါးအနားယူခဲ့ရပါတယ်။ အဲ့မတိုင်ခင် ဂျာမန်သားဟာ စီးတီးအသင်းအတွက် ၂၀၁၇ - ၁၈ နဲ့ ၂၀၁၈ - ၁၉ ရာသီဆုဖလားအောင်မြင်မှု ရယူနိုင်ခဲ့ရာမှာ အဓိကနေရာမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဘက်က ဆာနေးအနေနဲ့ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်းမတိုးခဲ့ရင် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၉ နှစ်သားဟာ ၂၀၂၅ မှာ အလွတ်နဲ့ ထွက်ခွာမယ့် ကစားသမားဖြစ်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့် ၂ ဦး ၂ ဖက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ စဉ်းစားနေတာကြောင့် အာဆင်နယ်အနေနဲ့ အခြေအနေကို စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။