
လီဗာပူးမြို့ရဲ့ဝမ်းနည်းဖွယ်ဖြစ်ရပ်ကြောင့် ဆုပေးပွဲအခမ်းအနားနှစ်ခုကို မတက်ရောက်ခဲ့တဲ့ အန်းစလော့
ပြီးခဲ့တဲ့တနင်္လာနေ့၊ လီဗာပူးအသင်းရဲ့ မြို့ပတ်အောင်ပွဲခံမှုအခမ်းအနားမှာ ပရိသတ်လူအုပ်ကြီးရှိရာဆီ မော်တော်ကားဖြင့်ဝင်တိုက်မှု ဖြစ်ပွားပြီးနောက် လီဗာပူးနည်းပြအန်းစလော့က ပထမဆုံးအကြိမ် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အခုသီတင်းပတ်အစောပိုင်းမှာ ထောင်ပေါင်းများစွာသောပရိသတ်တွေက သူတို့ရဲ့အကြိမ် ၂၀ မြောက်ပရီးမီးယားလိဂ်ချန်ပီယံတွေကို ဂုဏ်ပြုကြိုဆိုရင်း အောင်ပွဲခံကြဖို့ လမ်းမတွေပေါ် ထွက်လာခဲ့ကြပါတယ်။
ဒါပေမယ့် အောင်ပွဲခံမှုအခမ်းအနားပြီးဆုံးလို့ ညနေ ၆ နာရီဝန်းကျင်မှာပဲ လီဗာပူးမြို့လယ်ခေါင်၊ Water Street လမ်းပေါ်ရှိ ပရိသတ်လူအုပ်ကြီးကို မော်တော်ကားတစ်စီးဝင်တိုက်ရာ ၆၅ ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အန်းစလော့က လိဂ်မန်နေဂျာများအစည်းအရုံး(LMA)ရဲ့ နှစ်စဉ်ဆုပေးပွဲအခမ်းအနားဆီ တက်ရောက်မယ့်အစီအစဉ်ကို ပြောင်းလဲခဲ့ပြီး အခမ်းအနားမတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် နယ်သာလန်လူမျိုးနည်းပြက စိတ်ပျက်စရာမြင်ကွင်းတွေနဲ့ပြည့်နှက်နေတဲ့ လီဗာပူးမြို့နဲ့အတူ ဝန်းရံရပ်တည်ပေးခဲ့တဲ့ ဘောလုံးကမ္ဘာကြီးကို ကျေးဇူးတင်ရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အန်းစလော့က “ ခင်ဗျားတို့လည်း သိထားပြီးကြပါပြီ။ မနေ့တုန်းက လီဗာပူးမြို့မှာ ထိတ်လန့်ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ကျွန်တော်တို့အသင်းရဲ့အောင်ပွဲခံအခမ်းအနားဆီ တက်ရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် ဒါဇင်နဲ့ချီပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အခုလိုထိခိုက်နစ်နာရသူတွေနဲ့ အတူရှိနေမယ့် စည်းလုံးညီညွှတ်မှုကို ပြသဖို့ရာ နှစ်စဉ်ဆုပေးပွဲအခမ်းအနားဆီ မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကို ကျွန်တော် ပေါ့ပေါ့တန်တန်ဆုံးဖြတ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အခုဖြစ်စဉ်ရဲ့လေးနက်မှုအတိုင်းအတာအရ ဒီလိုဆုံးဖြတ်တာ လုံးဝမှန်ကန်တယ်လို့ ယူဆပါတယ်။ ဒါနဲ့ပတ်သက်ပြီး ခင်ဗျားတို့လည်း နားလည်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကျွန်တော်တို့ရရှိခဲ့တဲ့ အားပေးစာနာမှုတွေအတွက် လိဂ်မန်နေဂျာများအစည်းအရုံး၊ ပရီးမီးယားလိဂ်နဲ့ ဒီညမှာ ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးမယ့် ကလပ်အသင်းများစွာအပါအဝင် ကျယ်ပြန့်လှတဲ့ ဘောလုံးအသိုင်းအဝိုင်းတစ်ခုလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဘောလုံးဆိုတာ အမြဲတမ်းလိုလို ပြိုင်ဆိုင်မှုနဲ့တည်ဆောက်ထားတဲ့ ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အထူးသဖြင့် အခုလိုကာလမျိုးမှာတော့ ဘောလုံးက ခိုင်မာတဲ့ရဲဘော်ရဲဘက်စိတ်ဓါတ်အတွက် အရင်းအမြစ်ကောင်းတစ်ခု ဖြစ်လာပါတယ်။
ဝမ်းနည်းဖွယ်ဖြစ်ရပ်နဲ့အတူ ချက်ချင်းဆိုသလိုပဲ တုံ့ပြန်ဆောင်ရွက်ပေးလာတဲ့ လီဗာပူးမြို့အာဏာပိုင်တွေနဲ့ မြို့အခြေစိုက်အရေးပေါ်လူမှုဝန်ဆောင်ရေးအဖွဲ့တွေကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ လိုအပ်နေတဲ့ တစ်နာရီစာကာလအတွင်း တစ်ဦးနဲ့တစ်ဦးကူညီပေးခဲ့ကြတဲ့ ပရိသတ်တွေအပါအဝင် နောက်ဆက်တွဲကိစ္စတွေမှာ ပါဝင်ပေးခဲ့သူတိုင်းကို ကျွန်တော်တို့အားလုံး ကျေးဇူးအထူးတင်ရှိနေပါတယ်”လို့ ပြောပါတယ်။
အန်ဖီးလ်ကွင်းပွဲဦးထွက်ရာသီမှာပဲ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင် ဦးဆောင်ပေးပြီးနောက် အန်းစလော့က LMA ရဲ့တစ်နှစ်တာအကောင်းဆုံးနည်းပြဆုနဲ့ ပရီးမီးယားလိဂ်ရဲ့ရာသီအလိုက်အကောင်းဆုံးနည်းပြဆုတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။