The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲစဉ်ရှုံးနိမ့်မှုအတွက် သူ့ရဲ့နည်းစနစ်ပိုင်းတွေကိုသာ အပြစ်ဖို့ခဲ့တဲ့ အန်းစလော့

အန်းစလော့က သူ့ရဲ့လီဗာပူးထက် ပိုကောင်းတဲ့မန်စီးတီးကို ရှုံးနိမ့်ခဲ့တာပါလို့ ဝန်ခံခဲ့ပြီး မန်စီးတီးနည်းပြပက်ဂွါဒီယိုလာရဲ့ နည်းပြဘ၀ ပွဲ ၁၀၀၀ ပြည့်မြောက်ချိန် သုံးဂိုးပြတ်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အန်းစလော့က အခုရှုံးနိမ့်မှုအတွက် သူ့ရဲ့ကစားသမားတွေကို အပြစ်မတင်သင့်ဘဲ သူ့ရဲ့နည်းစနစ်ပိုင်းတွေကိုသာ အပြစ်တင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေက ရာသီသစ်စတင်မှု ၁၁ ပွဲကစားပြီးချိန် ငါးကြိမ်မြောက်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ဟာလန်း၊ နီကိုဂွန်ဇာလက်ဇ်နဲ့ ဒိုကူတို့က သွင်းယူပေးခဲ့ပါတယ်။ အခုအီတီဟတ်ကွင်းပွဲစဉ်အတွက် အန်းစလော့က အက်စတွန်ဗီလာ၊ ရီးရဲလ်မက်ဒရစ်တို့ကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်မှ ပွဲထွက်လူစာရင်းအတိုင်း အသုံးပြုလာခဲ့ပေမယ့် ဒီနေ့အတွက် သူ့အသင်းဟာ ဒုတိယအကောင်းဆုံးအသင်းပါလို့ ဝန်ခံခဲ့ပါတယ်။

အန်းစလော့က “ ပွဲအစီအမံတွေနဲ့ နည်းဗျူဟာပိုင်းတွေသာ အလုပ်ဖြစ်မယ်ဆိုရင် တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ အနိုင်ယူဖို့ဆိုတာ ကစားသမားတွေအတွက် လွယ်ကူပါတယ်။ အက်စတွန်ဗီလာနဲ့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့သလိုပါပဲ၊ အခုတော့ မန်စီးတီးက ကွင်းလယ်ဗဟိုဆီ ကစားသမားတွေ အများကြီးထည့်သွင်းကစားခဲ့လို့ ကျွန်တော်တို့ အတော်လေးအခက်တွေ့ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ကစားသမားအချို့အတွက်လည်း မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ခက်ခဲခဲ့ပါတယ်။ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေကို ကျွန်တော့်ရဲ့ကစားသမားတွေ ရှောင်လွှဲချင်တယ်လို့ မဆိုလိုပါဘူး။ မန်စီးတီးက ကျွန်တော်တို့ထက် ဘောလုံးကိုင်ကစားတာ ပိုကောင်းလို့ အများကြီးပြေးလွှားဖို့ လိုအပ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ကစားသမားအချို့က အခိုက်အတန့်အချို့မှာ နောက်ကျနေခဲ့ပါတယ်။

ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ကစားသမားတွေနဲ့ ပြိုင်ဘက်ရဲ့အစီအမံအကြောင်းကိုပဲ အရင်ဆုံးလေ့လာခဲ့ပါတယ်။ ကျွန်တော့်ရဲ့ကစားသမားတွေကို အပြစ်မတင်သင့်ပါဘူး။ ဒုတိယပိုင်းပွဲချိန်အတွင်း ကျွန်တော်တို့တွေ ပိုကောင်းအောင်ကစားလာချိန်မှာ ပြိုင်ဘက်ထက် တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေ ပိုမိုအနိုင်ရသလားဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။ ပြီးတော့ ဘောလုံးကို အကြိမ်များစွာရယူနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာဆိုရင် ကျွန်တော်တို့အတွက် တစ်ဂိုးလောက်တော့ ပြန်ရသင့်ပါတယ်။

အမှန်ပါပဲ၊ လူတိုင်းလည်း စိတ်ပျက်နေကြပါတယ်။ အက်စတွန်ဗီလာ၊ ရီးရဲလ်မက်ဒရစ်တို့ကို အနိုင်ရရှိလို့ အရမ်းကောင်းမွန်တဲ့ရက်သတ္တပတ်တစ်ခု စတင်ခဲ့ပါတယ်။ ဒါပေမဲ့ အလွန်အင်အားတောင့်တင်းတဲ့ ပြိုင်ဘက်ကောင်းနှစ်ဦးနဲ့ ရင်ဆိုင်ရပြီးနောက် မန်စီးတီးကို အီတီဟတ်ကွင်းမှာ ကစားရမယ်ဆိုရင် ကျွန်တော်တို့အပါအဝင် အသင်းတိုင်းအတွက် ခက်ခဲပါလိမ့်မယ်။ ပထမပိုင်းမှာဆိုရင် မန်စီးတီးက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး အန်းစလော့က “ ပထမပိုင်းမှာဆိုရင် မန်စီးတီးက ဘောလုံးရဲ့ဘယ်ကဏ္ဍမှာမဆို ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီနဲ့ အခုဘောလုံးရာသီအကြား ဆင်တူမှုတွေ အများကြီးတွေ့ခဲ့ပါတယ်။ တစ်ခုတည်းသောကွာခြားချက်ကတော့ ပထမပိုင်းပွဲချိန် ၂၅ မိနစ်အထိ ကျွန်တော်တို့အသင်း အတော်လေးရုန်းကန်ခဲ့ရပြီး ဒီနောက်မှာတော့ Set-piece မှတဆင့် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ 

ပြီးတော့ ဒီအချက်က ပွဲစဉ်ကို အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ မန်စီးတီးက ကျွန်တော်တို့ကို အသာစီးနဲ့ကစားခဲ့လို့ ဒါက ကျွန်တော်တို့အတွက် ခံစစ်ကိုကောင်းကောင်းကစားနိုင်ရေး စွမ်းအင်တချို့ ရှာဖွေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သူတို့တွေ အခွင့်အရေးအများကြီးမဖန်တီးနိုင်ပေမယ့် ဒီနေ့မှာတော့ အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒါက အခွင့်အရေးတွေဆက်တိုက်ရရှိခဲ့တယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မန်စီးတီးက သူတို့ရရှိတဲ့အခွင့်အရေးတွေကို ပိုမိုထိရောက်အောင် အသုံးချနိုင်ခဲ့ပါတယ်။

ပထမဆုံးဂိုးဆိုရင် ကျွန်တော်ကတော့ ကြီးမားတဲ့အခွင့်အရေးတစ်ရပ်လို့ မထင်ပေမယ့် အရည်အသွေး ကောင်းပါတယ်။တတိယဂိုးဆိုရင်လည်း ကြီးမားတဲ့အခွင့်အရေးတစ်ရပ်မဟုတ်ပေမယ့် အရည်အသွေးရှိပါတယ်။ ဒုတိယဂိုးကတော့ Set-piece ပါပဲ”လို့ ပြောပါတယ်။