
ယူနိုက်တက်သို့မရောက်ခင် လီဗာပူးသို့ရောက်ရှိဖို့ နီးစပ်ခဲ့သေးကြောင်း ဖွင့်ဟလာတဲ့ အန်တိုနီ
မန်ချက်စတာယူနိုက်တက်မှ ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီက သူဟာ အိုးလ်ထရက်ဖို့ဒ်သို့ မရောက်ရှိခင်မှာ မိုဟာမက်ဆာလက်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့ လီဗာပူးသို့ရောက်ရှိရန် နီးစပ်ခဲ့သေးကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်နဲ့အတူ ထိပ်တန်းခြေစွမ်းတွေပြသထားနိုင်တဲ့ အန်တိုနီကို ၂၀၂၂ ခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ချဲလ်ဆီး၊ လီဗာပူး၊ ယူနိုက်တက်နဲ့ ဘာစီလိုနာတို့အပါအဝင် ဥရောပတစ်ဝှမ်းထိပ်သီးကလပ်အများအပြားက ခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပြီး အဆုံးမှာတော့ ကစားသမားဟာ အဲရစ်တန်ဟက်နောက်ကိုလိုက်ပြီး အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။
သို့သော်လည်း ဘရာဇီးသားဟာ ယူနိုက်တက်မှာ ပရိသတ်တွေမျှော်လင့်ထားသလို ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့ခြင်းမရှိဘဲ ဖိအားတွေနဲ့ရုန်းကန်ခဲ့ရတာကြောင့် ယူနိုက်တက်အတွက် အဆိုပါအပြောင်းအရွှေ့ဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ နည်းပြသစ် ရူဘင်အာမိုရင်လက်အောက်မှာတော့ အန်တိုနီဟာ ယူနိုက်တက်ကနေထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပြီး ရီးရဲလ်ဘက်တစ်သို့ ၆ လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ယခုအခါမှာတော့ကစားသမားက သူဟာ ယူနိုက်တက်သို့မရောက်ခင်မှာ ဆာလက်ရဲ့နေရာအတွက် လျာထားခံခဲ့ရလို့ လီဗာပူးသို့ရောက်လုနီးပါးဖြစ်ခဲ့ကြောင်းကို “ကျွန်တော် လီဗာပူးကိုရောက်လုနီးပါးဖြစ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် အဲဒီမှာဆို ဘာတွေဆက်ဖြစ်လာမလဲ ဘယ်သူမှမသိနိုင်ပါဘူး။ အဆုံးမှာတော့ ကျွန်တော်မန်ချက်စတာယူနိုက်တက်ကိုသွားခဲ့ပါတယ်။ အဲဒီမှာနေရတာအရမ်းကောင်းပြီး ကျွန်တော့်အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ဆာလက်က အံ့မခန်း ကစားသမားတစ်ယောက်ပါ။ သူက တသမတ်တည်းဖြစ်တဲ့ခြေစွမ်းမျိုးကို ကာလရှည်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ထူးခြားတဲ့ကစားသမားတစ်ယောက်ပါ။ လောလောဆယ်မှာ သူက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ဖြစ်မဖြစ်တော့ ကျွန်တော်မသိပေမယ့် ဘောလွန်းဒီအော်ဆုအတွက် ယှဉ်ပြိုင်ဖို့ အကောင်းဆုံးအခြေအနေမှာရှိနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဂီတာဖေးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ အန်တိုနီဟာ လာမယ့်ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်ပေမယ့် အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်နိုင်ခဲ့ပြီဖြစ်လို့ ပါဝင်ကစားသွားနိုင်မှာဖြစ်ပါတယ်။ ကစားသမားက “ရီးရဲလ်မက်ဒရစ်လိုအသင်းမျိုးနဲ့ကစားသွားရမယ့်ပွဲက ကျွန်တော့်အတွက်တော့ အရမ်းအရေးကြီးပါတယ်။ အိမ်ကွင်းမှာကစားသွားရမှာဖြစ်ပြီး ဒီပွဲအတွက် ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ” လို့ပြောကြားခဲ့ပါတယ်။