The network connection is lost.

Banner Image

ပြင်သစ်နဲ့ပွဲမှာ ကူကူရယ်လာကို လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကို ဝေဖန်လိုက်တဲ့ ဖူရန်တီ

စပိန်လက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖူရန်တီက ပြင်သစ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ  အသင်းရဲ့ဘယ်နောက်ခံကစားသမား မာ့ခ်ကူကူရယ်လာကို လှောင်ပြောင်ခဲ့ကြတဲ့ပရိသတ်တွေကို ပြစ်တင်ဝေဖန်လာခဲ့ပါတယ်။

မြူးနစ်မှာ ကျင်းပခဲ့တဲ့ ယခုပွဲစဉ်မှာ ပြင်သစ်က ပွဲအစ ၉ မိနစ်မှာပဲ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့် စပိန်က လာမိုင်းယာမယ်၊ ဒါနီအိုလ်မိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နောက်နေလိုက်ပြီး အနိုင်ကစားခဲ့တာကြောင့် ၂-၁ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ဖူရန်တီရဲ့အသင်းဟာ မနက်ဖြန် ဒေါ့မွန်ရဲ့အိမ်ကွင်းမှာ ကစားမယ့် အင်္ဂလန်နဲ့ နယ်သာလန်တို့ ပွဲစဉ်မှ အနိုင်ရမယ့်အသင်းကို ဗိုလ်လုပွဲကနေ ကြိုစောင့်နေပြီဖြစ်ပါတယ်။

စပိန်ရဲ့ ဒီနှစ်ဂျာမနီယူရိုခရီးစဉ်မှာ ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ထားပြီး ပွဲစဉ်အားလုံးကို ပွဲထွက်ကစားခွင့်ရထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ သို့သော်လည်း ပြင်သစ်နဲ့ပွဲစဉ်မှာတော့ နောက်ခံလူဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ကြုံတွေ့ခဲ့ရပြီး ဘောလုံးထိချက်တိုင်းမှာ ကျယ်လောင်စွာ အော်ဟစ်ခံခဲ့ရတာဖြစ်ပါတယ်။

ယခုလို ကူကူရယ်လာကို အော်ဟစ်ခဲ့ကြတဲ့ ပရိသတ်တွေဟာ ယခုပွဲရဲ့ပြိုင်ဘက် ပြင်သစ်ပရိသတ်တွေမဟုတ်ဘဲ ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂိုးဧရိယာအတွင်း ကစားသမားရဲ့ လက်ထိမှုကိုမကျေမနပ်ဖြစ်ခဲ့ကြတဲ့  ဂျာမနီပရိသတ်တွေဖြစ်နေတယ်လို့ သိရပါတယ်။

ပွဲအပြီးမှာ ဘီဘီစီသတင်းထောက် စတီဗ်ဝီလ်ဆင်က “ကူကူရယ်လာကို ဘာကြောင့် လှောင်ပြောင်ခဲ့ကြသလဲဆိုတာ ကျွန်တော်တို့ အဖြေရှာခဲ့ကြပါတယ်။ ဒီလိုဖြစ်လာက ပြီးခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ ကူကူရယ်လာရဲ့ ဂိုးဧရိယာအတွင်း လက်ထိမှုကို ဂျာမနီပရိသတ်တွေက မကျေမနပ်ဖြစ်နေတာကြောင့်ပါ။ သူတို့က ကစားသမားရဲ့ လက်ဟာ ခန္ဓာကိုယ်နဲ့အတော်ကွာဝေးနေခဲ့တယ်လို့ ယုံကြည်နေကြပြီး ဂျာမနီသတင်းစာတွေရဲ့ ရှေ့ဆုံးစာမျက်နှာမှာလည်း ဒီအကြောင်းကိုပဲ အသားပေးဖော်ပြနေကြပါတယ်။ အစက ပြင်သစ်ပရိသတ်တွေ လှောင်နေတာလို့ ထင်ခဲ့ပေမယ့် တကယ်တော့ သူတို့ကိုယ်သူတို့ ဆီမီးဖိုင်ကို ရောက်သင့်တယ်လို့ထင်နေတဲ့ ဂျာမနီပရိသတ်တွေဖြစ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဂျာမနီနဲ့ စပိန်တို့ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်ပွဲစဉ်ကို ပရီးမီးယားလိဂ် ကွင်းလယ်ဒိုင် အန်တိုနီတေလာ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ကူကူရယ်လာရဲ့ ဂိုးဧရိယာအတွင်း လက်ထိဘောကို ပင်နယ်တီပေးဖို့ငြင်းဆန်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ယူအီးအက်ဖ်အေက တေလာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေရဲ့ထုတ်ပြန်ချက်မှာ “ကူကူရယ်လာရဲ့လက်ဟာ ဘောလုံးနဲ့ ထိမိခဲ့တဲ့အချိန်မှာ သဘာဝမကျတဲ့အနေအထားမဟုတ်ပါ” လို့ဖော်ပြခဲ့ပါတယ်။ ကူကူရယ်လာကို လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေရဲ့လုပ်ရပ်ကို မကျေမနပ်ဖြစ်နေတဲ့ နည်းပြဖူရန်တီကလည်း ဝေဖန်ပြောဆိုမှုတွေပြုလုပ်ခဲ့သလို အခုလို လှောင်ပြောင်မှုက ကစားသမားအတွက် တွန်းအားဖြစ်စေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အသက်-၆၃ နှစ်အရွယ်နည်းပြက “ပရိသတ်တွေ ဘာကြောင့် သူ့ကိုလှောင်ပြောင်ခဲ့ကြသလဲတော့ ကျွန်တော်လည်းမသိပါဘူး။ ဒါပေမယ့် ဒါကသူ့အတွက် တွန်းအားဖြစ်စေပါတယ်။ ကျွန်တော့်အနေနဲ့ အခုကို လုပ်ခဲ့တဲ့ပရိသတ်တွေကို လုံးဝမလေးစားသလို သူတို့က ဂျာမန်လူ့အဖွဲ့အစည်းကို ကိုယ်စားမပြုဘူးဆိုတာလည်း သိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးဖူရန်တီက လာမယ့်ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့နယ်သာလန်တို့ထဲက ဘယ်အသင်းနဲ့တွေရပါစေ ဂရုမစိုက်ကြောင်းကို “နောက်လာမယ့် ပြိုင်ဘက်က ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ ယူရို ၂၀၂၄ မှာ ကျွန်တော်တို့ ဘယ်လိုလျှောက်လှမ်းခဲ့သလဲဆိုတာ မြင်တွေ့ခဲ့ရပြီးပါပြီ။ သူတို့ ၂ သင်းစလုံးက ကျွန်တော်တို့အတွက် ပြိုင်ဘက်ကောင်းတွေချည်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ စပိန်အနေနဲ့ အင်္ဂလန်ကိုအနိုင်ရပြီး ဗိုလ်စွဲမယ်ဆိုရင် စပိန်အသင်းက အကောင်းဆုံးဘောလုံးအသင်းဖြစ်လာမလားဆိုတဲ့မေးခွန်းကို ဖူရန်တီက “ကျွန်တော်တို့ လုပ်သမျှက ကိုယ့်စိတ်ကူးထဲမှာပဲ ခိုင်ခိုင်မာမာကျန်ရစ်နေဖို့ပါပဲ။ ဗိုလ်လုပွဲကို တက်ခွင့်ရလို့ အရမ်းဝမ်းသာပါတယ်။ ကျွန်တော်တို့ဟာ စပိန်အသင်းနဲ့ထိုက်တန်တဲ့ နေရာကို နောက်ထပ်တစ်ကြိမ်ပို့ပေးနိုင်ခဲ့ပါပြီ” လို့ဖြေကြားခဲ့ပါတယ်။