ကလော့ပ်ရဲ့အုတ်မြစ်အတိုင်း လီဗာပူးကို ဆက်လက်တည်ဆောက်သွားမယ်လို့ ပြောကြားလာတဲ့ အန်းစလော့
လီဗာပူးနည်းပြသစ် အန်းစလော့က သူဟာ အသင်းရဲ့နည်းပြဟောင်း ယာဂင်ကလော့ပ် ချမှတ်ထားခဲ့တဲ့ အခြေခံအုတ်မြစ်တွေကို ဖျက်ပစ်မှာ မဟုတ်ကြောင်းနဲ့ အသင်းကို အဆိုပါအုတ်မြစ်တွေအတိုင်း ဆက်လက်တည်ဆောက်သွားမှာဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လီဗာပူးဟာ အသင်းမှာ ၈ နှစ်ကျော်ကြာနေထိုင်ခဲ့ပြီး အောင်မြင်မှုအများအပြားဆွတ်ခူးပေးနိုင်ခဲ့တဲ့ ကလော့ပ်နဲ့လမ်းခွဲပြီးနောက် ပြီးခဲ့တဲ့လမှာပဲ အန်းစလော့ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ကလပ်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အန်းစလော့က “လက်ရှိအသင်းမှာ အရည်အသွေးတွေအများကြီး ရှိနေပြီး ပြီးခဲ့တဲ့ ရာသီက ကစားပုံကလည်း အတော်လေးအထင်ကြီးစရာကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် အသင်းရဲ့အခြေခံအုတ်မြစ်တွေကို ဖျက်ပစ်မှာမဟုတ်ဘဲ ဒီနေရာကနေပဲ ဆက်လက်တည်ဆောက်သွားမှာပါ။ ပြီးတော့ ကျွန်တော့်ရဲ့ကစားပုံနဲ့ နည်းလမ်းတွေကို နားလည်နေတဲ့ နည်းပြတွေကိုလည်း အသင်းမှာ ဆက်လက်လက်တွဲသွားမှာပါ။ လီဗာပူးလို အသင်းမှာ အလုပ်လုပ်ရမယ်ဆိုရင် ဒီအသင်းမှာ လူကောင်းတွေအများကြီး ရှိနေပြီးသားဆိုတာကိုလည်း သိထားရပါတယ်။ ယာဂင်ကလော့ပ်နဲ့ သူ့ရဲ့ဝန်ထမ်းတွေက ဒီမှာအလုပ်လုပ်လာတာ ၉ နှစ်လောက်ရှိပြီဆိုတော့ သူတို့ရဲ့အတွေ့အကြုံတွေကို ကျွန်တော်တို့နဲ့ ပေါင်းစပ်အသုံးချသွားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးစလော့က သူ့ရဲ့တိုက်စစ်ဆင်ကစားဟန်ဟာ ကလော့ပ်လက်အောက်က လီဗာပူးရဲ့ကစားဟန်နဲ့ တူညီမှုရှိကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ နယ်သာလန်သားက “ကျွန်တော့်ရဲ့နည်းစနစ်က လီဗာပူးနဲ့တူညီပါတယ်။ ဒီအချက်ကလည်း ဒီကိုလာဖို့ဆုံးဖြတ်စေခဲ့တဲ့ အချက်တစ်ချက်ပါ။ ကျွန်တာ်တို့အားလုံးက ပက်ဂွါဒီယိုလာနဲ့ ယာဂင်ကလော့ပ်တို့ကို လေ့လာပြီး နည်းစနစ်တွေကို တီထွင်အသုံးပြုနေကြတာပါ။ ဖင်ယင်နုမှာလည်း ကျွန်တော်ဒီလိုပဲအသုံးပြုခဲ့ပါတယ်။ အဓိကအချက်ကတော့ ဘောလုံးကိုင်ထားပြီး စွမ်းအင်အပြည့်နဲ့ တွန်းတွန်းတိုက်တိုက်ကစားဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
လီဗာပူးဟာ ရာသီကြိုခြေစမ်းပွဲစဉ်ကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ရီးရဲလ်ဘက်တစ်နဲ့ ကစားသွားရမှာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် တန်းတက်ကလပ် အစ်ပ်ဆွစ်ချ်နဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။