
လေဗာကူဆင်နည်းပြကို ချီးကျူးစကားဆိုလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက သူ့နေရာကို ဆက်ခံနိုင်ချေရှိနေတဲ့ လေဗာကူဆင်နည်းပြ အလွန်ဆိုဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ယောက်လို့ ချီးကျူးလိုက်ပါတယ်။
အန်ဆယ်လော့တီဟာ ရာသီအကုန်မှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။ အခုညအယ်လ်ကလက်ဆီကိုပွဲက သူ့ရဲ့နောက်ဆုံး ၄ ပွဲထဲက ပထမဆုံးပွဲဖြစ်ပြီး ရာသီအကုန်မှာ ထွက်ခွာတော့မှာဖြစ်ပါတယ်။ အလွန်ဆိုဟာ ကစားသမားဘဝကို ရီးရဲလ်မှာကော လီဗာပူးအသင်းမှာပါ ဖြတ်သန်းခဲ့တာဖြစ်ပြီး သောကြာနေ့တုန်းက ရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပါတယ်။
သတင်းတွေအရ စပိန်သားဟာ ရီးရဲလ်အသင်းထံပြန်လာမယ်လို့ ထင်ကြေးပေးနေကြပြီး အချို့သတင်းတွေမှာဆိုရင် ရီးရဲလ် နဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားပြီးလို့ ဖော်ပြနေကြပါတယ်။ စနေနေ့တုန်းက အလွန်ဆိုအကြောင်းမေးမြန်းရာမှာ အန်ဆယ်လော့တီက သတင်းထောက်တွေကို “ကျွန်တော် သူလေဗာကူဆင်ကနေထွက်ခွာမယ်ဆိုတဲ့သတင်းကို မြင်ပြီးပါပြီ။ သူအဲ့အသင်းမှာ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ သူ့အတွက် တံခါးအားလုံးဖွင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲကတစ်ယောက်ဆိုတာကို ပြသထားလို့ပါ”လို့ ဖြေကြားခဲ့ပါတယ်။
အလွန်ဆိုဟာ ၂၀၂၂ တုန်းက လေဗာကူဆင်ကိုကိုင်တွယ်ခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာတင် ဘွန်ဒက်စ်လီဂါဖလားကို ရှုံးပွဲမရှိစံချိန်နဲ့ ယူနိုင်ခဲ့သလို ဂျာမန်ဖလားကိုပါရယူနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒီရာသီမှာတော့ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီး မနှစ်ကရာသီလောက် စွမ်းဆောင်မပြနိုင်တော့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ နောက်ဆုံး ၂ ပွဲဆိုတာကို သဘောတူပြီးပါပြီ။ လေဗာကူဆင်နည်းပြအဖြစ် ကျွန်တော်နောက်ဆုံး ၂ ပွဲကို ကိုင်တွယ်ပါမယ်။ အနာဂတ်အတွက်တော့ ဘာမှမသိရသေးပါဘူး။ အခုချိန်မှာ နှုတ်ဆက်ဖို့အတွက်ပဲ စဉ်းစားထားပါတယ်”လို့ အလွန်ဆိုက သောကြာနေ့တုန်းက ဖြေကြားခဲ့ပါတယ်။
အန်ဆယ်လော့တီကလည်း ဒုတိယအကြိမ်ရီးရဲလ်နည်းပြဘဝက ရုန်းကန်လာခဲ့ရတာဖြစ်ပြီး ၂ ကြိမ်ကိုင်တွယ်ခဲ့တဲ့ကာလမှာ ချန်ပီယံလိဂ် ၂ ကြိမ် ၊ လာလီဂါ ၂ ကြိမ်အပါအဝင်ဆုဖလား ၁၅ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့ရီးရဲလ်ကို ၂၃၀ ပွဲကိုင်တွယ်ရာမှာ ၁၅၉ ပွဲအနိုင်ရရှိခဲ့ပြီး နိုင်ချေရာခိုင်နှုန်းက ၆၉.၁၃% အထိရှိခဲ့ပါတယ်။
ပထမအကြိမ်ကိုင်တွယ်တုန်းကအချက်အလက်နဲ့ပေါင်းစပ်လိုက်ရင် ၃၄၈ ပွဲမှာ ၂၄၈ ပွဲနိုင် ၊ ၄၈ ပွဲသရေ ၊ ၅၂ ပွဲအရေးနိမ့်ခဲ့ပြီး နိုင်ချေရာခိုင်နှုန်းက ၇၁.၂၆% အထိရှိခဲ့ပါတယ်။ အလွန်ဆိုကတော့ လေဗာကူဆင်အတွက် ၁၃၈ ပွဲကိုင်တွယ်ခဲ့ပြီး ၈၈ ပွဲနိုင် ၊ ၃၂ ပွဲသရေ နဲ့ ၁၈ ပွဲသာ အရေးနိမ့်ခဲ့ကာ နိုင်ချေရာခိုင်နှုန်းက ၆၃.၇၇% အထိရှိခဲ့ပါတယ်။