The network connection is lost.

Banner Image

ချန်ပီယံဖလားအတွက် အောင်ပွဲခံမယ့် အသင်းသားတွေအားလုံး ဒီညအိပ်မှာမဟုတ်ဘူးလို့ ဆိုလာတဲ့ အန်ဆယ်လော့တီ

ကာလိုအန်ဆယ်လော့တီက ဝင်ဘာလေကွင်းမှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းသားတွေအားလုံး အောင်ပွဲခံဖို့အတွက် ဒီညအိပ်ကြမှာမဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။

မနေ့ညက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ဒေါ့မွန်ကို ကာဗာဂျယ်၊ ဗင်နီစီးယက်စ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရပြီး ဆုဖလားကို ၁၅ကြိမ်မြောက်အဖြစ် စံချိန်တင် ဆွတ်ခူးသွားခဲ့ပါတယ်။ အန်ဆယ်လော့တီဟာ ယခုအချိန်မှာတော့ ချန်ပီယံလိဂ်ဖလားကို အေစီမီလန်နဲ့ နှစ်ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ သုံးကြိမ်၊ စုစုပေါင်း ငါးကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အန်ဆယ်လော့တီက "ဒီလိုအောင်မြင်က အိပ်မက်မက်နေသလိုဖြစ်ပေမယ့် အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေပါတယ်။ အမြဲတမ်းလိုပဲ ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ဒေါ့မွန်က ပထမပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲဆိုတာ ဒီလိုပဲဖြစ်တတ်ပါတယ်။

ဆုဖလားရခဲ့လို့ ကျွန်တော်တို့ တကယ်ပျော်နေပါတယ်။ ဒီကလပ်က သမိုင်းအစဥၤအလာအရ ကစားသမားတွေရော၊ ကလပ်ရောက မိသားစုလိုပါပဲ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ပိုင်ဆိုင်ထားပြီး ပြဿနာမရှိဘဲ အလုပ်အတူလုပ်နိုင်ပါတယ်။ ကစားသမားတွေက မာနမကြီးကြဘဲ နှိမ့်ချတတ်ကြပါတယ်။ ဒီရာသီမှာ ဒီအသင်းကို ကိုင်တွယ်ဖို့က အရမ်းကြီးမခက်ခဲခဲ့ပါဘူး။"လို့ ပြောခဲ့ပါတယ်။

ဆုဖလားအောင်ပွဲခံမှုအပေါ် အန်ဆယ်လော့တီက "ကျွန်တော်တို့ ဒီည မအိပ်ဘဲ အောင်ပွဲခံကြမှာတော့ သေချာပါတယ်။"လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ယနေ့မှာတော့ မက်ဒရစ်မြို့မှာ ဆုဖလားအောင်မြင်မှုအတွက် လှည့်လည်အောင်ပွဲခံသွားဖို့ စီစဉ်ထားပါတယ်။