
ရက်ရှ်ဖို့ဒ်အား ဗီလာသို့ ပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီး သတိပေးလိုက်တဲ့ ဂယ်ရီနဗီးလ်
အသက် ၂၇ နှစ်အရွယ် ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ပိတ်ရန် ၂၄ နာရီသာ လိုတော့သည့်အချိန်တွင် ဗီလာသို့ ၆ လ ကြာ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး သူအနာဂတ်နှင့်ပတ်သက်တဲ့ သတင်းများကို အဆုံးသတ်စေခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ သူရဲ့ငယ်ဘဝကလပ် ယူနိုက်တက် မှ ထွက်ခွာရန် စိန်ခေါ်မှုအသစ်ကို လိုလားကြောင်း ဖော်ပြခဲ့ပြီး မန်နေဂျာ အမ်မိုရင်ရဲ့ အသင်းကနေ ဖယ်ထုတ်ခြင်းကိုပါ ခံခဲ့ရတာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း ပရီးမီးယားလိဂ် တွင် ဂိုး ၁၁ ဂိုးသာ သွင်းနိုင်ခဲ့သော်လည်း ဗီလာကတော့ အင်္ဂလန်လက်ရွေးစင်ဟာ ဒုတိယရာသီဝက်တွင် အမ်မရီရဲ့တိုက်စစ်တွင် အသစ်အဆန်းတစ်ခု ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဗီလာဟာ ပီအက်စ်ဂျီမှ အက်ဆန်စီယိုကို အငှားဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး ယခုလအစောပိုင်းတွင် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာသို့ ပြောင်းရွှေ့သွားတဲ့ ဒူရန်ရဲ့ နေရာကို ဖြည့်ဆည်းရန်လည်း ဖြစ်ပါတယ်။
"ရက်ရှ်ဖို့ဒ်က ယူနိုက်တက် မှ ထွက်ခွာရန် လိုအပ်ခဲ့ပြီး အထူးသဖြင့် အမ်မိုရင်ရဲ့ ပြောကြားချက်များကြောင့် ဖြစ်ပါတယ်။ သူ့အတွက် ပြန်လမ်းဆိုတာမရှိတော့ဘဲ အခြားကလပ်တစ်ခုကို ရှာဖွေရန် လိုအပ်ခဲ့ပါတယ်" "ဗီလာ သို့ ပြောင်းရွှေ့မှုနှင့်ပတ်သက်ပြီး သူ့အတွက် အကျိုးရှိမည့် အချက်များစွာ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပထမတစ်ချက်က လက်ရှိအချိန်မှာ ဗီလာ က ပိုကောင်းတဲ့ ဘောလုံးအသင်းတစ်သင်းကို သွားနေတယ်လို့ ထင်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေက ဒါကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ဗီလာ က ယူနိုက်တက် ထက် ပိုကောင်းတယ်ဆိုတာ အမှန်တရားပါပဲ"
"ဗီလာ ၏ ကစားဟန်ကြောင့်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့က ဖိအားပေးကစားတဲ့ အသင်းမဟုတ်ဘူး သူတို့က Mid-block ကစားပြီး တန်ပြန်တိုက်စစ်ကို အရမ်းကောင်းကောင်း ကစားပါတယ်။ ဒါကြောင့် အဲ့ဒီအချက်က သူ့အတွက် သင့်တော်မယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ယူနိုက်တက်မှာ ကောင်းကောင်းဖိအားပေးကစားတဲ့သူမဟုတ်လို့ပါ"
"ကျွန်တော့်အတွက် အဓိကအချက်က သူက ကမ္ဘာ့အကောင်းဆုံး မန်နေဂျာနဲ့ နည်းပြဖြစ်တဲ့ အမ်မရီ နဲ့ ကစားနေတာပါ။ ရက်ရှ်ဖို့ဒ် အတွက် အခြားရွေးချယ်စရာ မရှိတော့ပါဘူး" "ယူနိုက်တက် မှာ နောက်ဆုံး နည်းပြအချို့က သူ့အတွက် အဆင်မပြေခဲ့ဘူး။ ဒါကြောင့် အမ်မရီ နဲ့ အဆင်ပြေအောင် မလုပ်နိုင်ရင် သူက ပြဿနာဖြစ်လာမှာပါ" လို့ ယူနိုက်တက် နှင့် အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း နဗီးလ် က NBC Sports သို့ ပြောကြားခဲ့ပါတယ်။
နဗီးလ်က ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်အား ဗီလာတွင် အောင်မြင်စေရန်မျှော်လင့်ထားပြီး နွေရာသီတွင် ကမ်းလှမ်းမှုအတွက် ပြိုင်ဆိုင်မှုများ မရောက်လာမီ စိတ်ဝင်စားမှုများ ရရှိစေရန် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ "သူ့အတွက် သုံးလ လေးလလောက် ကောင်းကောင်းကစားပြီး သူ့ကစားသမားဘဝကို ပြန်လည်ရုန်းထရမယ့် အခွင့်အရေးကြီးပါပဲ"
"သူ့အတွက် ပြီးခဲ့တဲ့ ၁၂ လကနေ ၁၈ လအတွင်း အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ပါတယ်။ ကွင်းတွင်းရော ကွင်းပြင်ပ မှာပါ သူ့အတွက် အရာအားလုံး ပျက်စီးသွားခဲ့ပါတယ်" "ယူနိုက်တက်ကလည်း သူ့ကို အောင်မြင်စေချင်မှာပါ။ ဘာလို့လဲဆိုတော့ သူတို့က အနာဂတ်မှာ ပိုကောင်းတဲ့ ကစားသမားတွေကို ရရှိဖို့ ငွေကြေးလိုအပ်မှာပါ" လို့ နဗီးလ်က ထပ်လောင်း ပြောကြားလိုက်ပါတယ်။
နဗီးလ်ရဲ့ အဆိုအရ ရက်ရှ်ဖို့ဒ်ဟာ လာမည့်လများအတွင်း သူ၏ကစားသမားဘဝကို ပြန်လည်ရုန်းထနိုင်ဖို့ ဘောလုံးပေါ်တွင် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ရန် လိုအပ်ပါတယ်။ "သူက စတင်ကစားနိုင်မယ်လို့ ထင်ပါတယ်။ ရက်ရှ်ဖို့ဒ်က သူ့အကောင်းဆုံးအချိန်မှာ အရမ်းကောင်းတဲ့ ကစားသမားပါ သူက ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပါမယ် သူက ဗီလာ အသင်းထဲသို့ ဝင်ရောက်နိုင်မှာပါ"
"သူလုပ်ရမှာက သူ့ဘဝမှာ ဖြစ်နေတဲ့ အာရုံပျံ့လွင့်စေတဲ့ အရာတွေကို ဖယ်ရှားပြီး ဘောလုံးပေါ်မှာ အာရုံစိုက်ဖို့ပါ။ ယူနိုက်တက် ရဲ့ မီဒီယာမျက်နှာစာကနေတော့ အနည်းငယ် လွတ်မြောက်သွားပါပြီ" "ဗီလာက သူ့အတွက် အကောင်းဆုံးကလပ် ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မကြာခင်မှာ သိလာမှာပါ" လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒေါ့မွန်၊ အေစီမီလန် နှင့် ဂါလာတာစာရေး တို့ရဲ့ စိတ်ဝင်စားမှုများရှိသော်လည်း ရက်ရှ်ဖို့ဒ်ဟာ ဗီလာ က သူ့အား စာချုပ်ချုပ်ဆိုရန် ဝင်ရောက်လာသောအခါ လွယ်ကူသော ဆုံးဖြတ်ချက် ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ "ယူနိုက်တက် နဲ့ ဗီလာ တို့ကို ဒီငှားရမ်းမှုကို ဖြစ်မြောက်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"ကျွန်တော့်ကို ကလပ်အချို့က ချဉ်းကပ်ခဲ့တယ်။ ဒါပေမယ့် ဗီလာအတွက်တော့ လွယ်လွယ်ကူကူ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်။ ဒီရာသီမှာ ဗီလာ ရဲ့ ကစားဟန်ကို ကျွန်တော် အရမ်းကြိုက်တယ်၊ နည်းပြရဲ့ ရည်မှန်းချက်တွေကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်က ဘောလုံးကစားချင်တာပါ၊ စတင်ကစားဖို့ စိတ်လှုပ်ရှားနေပါတယ်" "ယူနိုက်တက်က လူတိုင်းကို ဒီရာသီအတွက် အကောင်းဆုံး ဆုတောင်းပေးလိုပါတယ်" လို့ သူက ဗီလာရဲ့တရားဝင်ဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့ပါတယ်။