
The network connection is lost.

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ အတွင်း ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် ထိပ်တန်းကစားသမားအချို့အား ရောင်းချအပြီးမှာ ထပ်မံအားဖြည့်မှုအနေဖြင့် ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေအထဲမှ ဘယ်လင်ဂမ်က အထူးခြေစွမ်းပြနိုင်ခဲ့ပြီး ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး နည်းပြ အန်ဆယ်လော့တီက ချီးကျူးခန်းဖွင့်လိုက်တာပဲ ဖြစ်ပါတယ်။
လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာအတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၅ ပွဲသာ ကစားပြီးချိန်တွင် သွင်းဂိုး ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို မက်ဒရစ်ကလပ်အတွက် ချန်ပီယံလိဂ် ပွဲဦးထွက်မှာလည်း အဖိုးတန်အနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်က ရွှေဘောလုံး ၅ဆုရှင် ရော်နယ်ဒိုရဲ့ လာလီဂါ အစောပိုင်း နေ့ရက်တွေမှ မှတ်တမ်းတွေကိုပါ လိုက်မီလာစေခဲ့တာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါမှာ ခြေစွမ်းထက်နေတဲ့ ယူနီယံဘာလင်အသင်းကို ၁ဂိုး - ၀ဂိုး ရလဒ်ဖြင့် ခက်ခက်ခဲခဲအနိုင်ရခဲ့တဲ့ ပွဲမှ ဘယ်လင်ဂမ်ရဲ့ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ နည်းပြ အန်ဆယ်လော့တီက“ဘယ်လင်ဂမ်က အရည်အသွေးမြင့်မားတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့အပြင် ကံတရားကလည်း အတက်ဘက်မှာ ရောက်နေပါတယ်။ ပြောရရင် ဒီဂိုးက ဂီတာဖေးနဲ့ ပွဲမှာ သွင်းယူနိုင်ခဲ့တာနဲ့တောင် ခပ်ဆင်ဆင်တူနေပါတယ်။ သူက တိုက်စစ်လမ်းကြောင်း စတင်တဲ့အခါ အခြားကစားသမားတွေထက် ပိုပါးနပ်ပြီး နေရာယူပုံမှန်နေတက်ပါတယ်။ သူက အရည်အသွေးတွေကို မှန်မှန်ကန်ကန် ထုတ်သုံးပြနေတာဖြစ်ပြီး ကျွန်တော်အနေနဲ့ ဘယ်သူကသာ ဂိုးသွင်းရမယ်ဆိုတာမျိုး ညွှန်ကြားမထားပါဘူး” လို့ ချီးကျူးစကား ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။