
အာဆင်နယ်ကို အရေးနိမ့်ပြီးနောက် ရီးရဲလ်ကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေကို တုံ့ပြန်လာတဲ့ အန်ဆယ်လော့တီ
ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီက ချန်ပီယံလိဂ်မှာ အာဆင်နယ်ကိုအရေးနိမ့်ပြီးနောက် နွေရာသီမှာ အသင်းကနေထွက်ခွာမယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်လိုက်ပြီး ကာလရှည်ဆက်နေသွားမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ အာဆင်နယ်ကို ၂ ကျော့စလုံးအရေးနိမ့်ခဲ့တာကြောင့် အသက် ၆၅ နှစ်သားအတွက် ဖိအားတွေဝင်ခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်အတွက် လက်ကျန်ဖလား ၂ လုံးအဖြစ် လာလီဂါ နဲ့ ကိုပါဒယ်ရေးတို့သာ ကျန်တော့တာဖြစ်ပါတယ်။ အီတလီသားဟာ ရီးရဲလ်အသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ပြီးနောက် ဆုဖလား ၁၅ လုံးအထိ ရယူနိုင်ခဲ့ပြီး ဘာနေဗျူးသမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။
ဒါပေမယ့်လည်း ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် အန်ဆယ်လော့တီအနာဂတ်က မသေချာတော့ဘူးလို့ သတင်းတွေထွက်လာခဲ့ပါတယ်။ ရီးရဲလ်နည်းပြကို ရိုးမား ၊ အေစီမိလန် ၊ ဘရာဇီးအသင်းတို့က ချိတ်ဆက်နေပါတယ်။ ဒါပေမယ့်လည်း အခုမနက်အင်တာဗျူးမှာ အန်ဆယ်လော့တီက သတင်းထောက်တွေကို “ကျွန်တော် ဒီမှာနေရတာကို ချစ်ပါတယ်။ ဒီအသင်းမှာ ဖြစ်နိုင်သမျှဆက်နေသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ပျားရည်ဆမ်းခရီးက ဆက်သွားနေမှာပါ။ ကျွန်တော် အရမ်းပျော်ပါတယ်။ ဖိအားတွေအများကြီးရှိတာမှန်ပေမယ့် ကျွန်တော် ဒီရာသီကို အာရုံစိုက်ထားပါတယ်။ ကျွန်တော်အသင်းမှာပျော်နေပါတယ်။ ဒီရာသီက ခက်ခဲတယ်ဆိုတာ အားလုံးသိပါတယ်။ ဖိအားတွေကို လောင်စာအဖြစ် အသုံးချရမှာပါ။ အဲ့တာက ကျွန်တော့်ကို စိတ်မပျက်စေပဲ ခွန်အားပိုပေးပါတယ်”လို့ အန်ဆယ်လော့တီက ဖြေကြားခဲ့ပါတယ်။
အန်ဆယ်လော့တီ နဲ့ မက်ဒရစ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၅ - ၂၆ ရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အန်ဆယ်လော့တီကတော့ မိမိတို့အသင်းရဲ့ပစ်မှတ်ဟာ ဘာစီလိုနာကို ကျော်ဖြတ်ပြီး ဆုဖလား ၂ လုံးစလုံးရယူနိုင်ဖို့ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
“အဲ့တာက ကျိုးကြောင်းဆီလျော်ပါတယ်။ ဆုဖလား ၂ လုံးစလုံးရယူနိုင်ချေလည်းရှိပါတယ်။ အဲ့တာက လက်ရှိကျွန်တော်တို့ရှေ့မှာရှိနေတာပါ။ ပြီးတော့ ကျွန်တော်တို့ လုပ်ရမယ့်အရာပါ။ ကျွန်တော်တို့ အောင်မြင်နိုင်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ခုတော့ ပြောင်းလဲရမယ်ဆိုတာ ရှင်းလင်းနေပါတယ်။ ဒီရာသီအသင်းဆီကနေ မျှော်လင့်ထားတာထက်ပိုဖြစ်လာရင်တော့ ကောင်းတာပေါ့။ သေချာပါတယ်။ ကျွန်တော့်မှာ တာဝန်အပြည့်ရှိပါတယ်။ ရာသီအကုန်မှာ အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်ဟာ တနင်္ဂနွေနေ့တုန်းက ဘီလ်ဘာအိုကို ခက်ခက်ခဲခဲကန်ခဲ့ရပြီး ၁-၀ နဲ့ ကပ်နိုင်ခဲ့ကာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဂီတာဖေးအသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။