
အသင်းကစားသမားတွေ နဲ့ သူ့ကြားက သတင်းအမှားတွေကို ထုတ်ဖော်ပြောကြားလာတဲ့ အန်ဆယ်လော့တီ
ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပြီးနောက် ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက သူနဲ့ အသင်းကစားသမားတွေကြားက အချင်းများမှုသတင်းအမှားတွေအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Relevo သတင်းဌာနကတော့ အာဆင်နယ်ကို ၂-၁ နဲ့အရေးနိမ့်ပြီးနောက် မက်ဒရစ်အဝတ်လဲခန်းထဲမှာ အန်ဆယ်လော့တီ နဲ့ အသင်းသားတွေကြား အချင်းများမှုတွေ တိုးပွားလာတယ်လို့ အခိုင်အမာဖော်ပြခဲ့သလို အသင်းဥက္ကဌ ပီရက်ဇ်နဲ့အချင်းများမှုတွေရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အီတလီသားကတော့ အဆိုပါသတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ကစားသမားတွေကော အသင်းနဲ့ပါ စကားပြောပြီးပါပြီ။ ကျွန်တော်တို့ တူညီတဲ့အခြေအနေမှာရှိနေပါတယ်။ နာကျင်ခဲ့ကြပါတယ်။ ဒီလိုအရာတွေက ဘောလုံးမှာ ဖြစ်ပျက်တတ်ပါတယ်။
ခင်ဗျားအမြဲတမ်းနိုင်နေမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တူညီတဲ့စိတ်ကူးရှိပါတယ်။ အသင်းအတွင်းမှာ အချင်းများမှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်လှေတည်းစီးနေတာကြောင့်ပါ။ အသင်းဥက္ကဌနဲ့အချင်းများမှုတွေအကြောင်း ဘယ်သူဖော်ပြလဲတော့ မသိပါဘူး။ အဲ့တာက အမှန်တရားမဟုတ်ပါဘူး”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ အန်ဆယ်လော့တီက ပီရက်ဇ်ဟာ မိမိကိုထောက်ခံနေဆဲဖြစ်ပြီး လက်ရှိမှာ ဆုဖလား ၂ လုံးလမ်းကြောင်းပေါ်မှာရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။
အသက် ၆၅ နှစ်သားဟာ အခုနွေရာသီမှာ အသင်းကနေထွက်ခွာနိုင်ချေရှိတယ်လို့ သတင်းကြီးနေပါတယ်။ ရီးရဲလ်ဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားမှာ အဆင့် ၁ နေရာက ဘာစီလိုနာရဲ့နောက် ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး လာမယ့်တနင်္ဂနွေနေ့မှာ အက်သလက်တစ်ကလပ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။