
ကလပ်မှ ဝန်ထမ်းလျှော့ချခြင်းတွေအတွက် အသင်းမှာ တာဝန်ရှိတယ်လို့ ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ဘဏ္ဍာရေးပိုင်းမှာ အဆင်မပြေဖြစ်နေပြီး ဝန်ထမ်းတွေလျှော့ချနေရတာကြောင့် အဆိုပါ ဝန်ထမ်းလျှော့ချမှုတွေက အသင်းမှာ တာဝန်ရှိတယ်လို့ ဝန်ခံလာခဲ့ကာ အပြစ်တင်မှုကိုခံယူသင့်တယ်လို့ဆိုပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း အသင်းရဲ့ဘဏ္ဍာငွေ ပေါင်သန်း ၃၀၀ အထိသုံးစွဲခဲ့တဲ့ယူနိုက်တက်ဟာ ပူးတွဲပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်လက်ထက်မှာ ဘဏ္ဍာရေးအခြေအနေကိုထိန်းညှိနိုင်ဖို့ ကြိုးစားရုန်းကန်နေရဆဲဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာအထိကျဆင်းနေတာကြောင့် အသင်းရဲ့ ဘောလုံးပွဲလက်မှတ်ဈေးနှုန်းတွေကလည်း ကျဆင်းလာခဲ့ပြီး အာမိုရင်က ဒီလိုအခြေအနေတွေဟာ ကစားသမားတွေ နည်းပြတွေနဲ့လည်း သက်ဆိုင်နေတယ်လို့ ထောက်ပြလာခဲ့တာဖြစ်ပါတယ်။
အာမိုရင်က “ဒီကိစ္စတွေက ယူနိုက်တက်စီနီယာအသင်း၊ နည်းပြတွေ၊ ကစားသမားတွေအားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဒါကို လျစ်လျူရှုလို့မရပါဘူး။ အသင်းမှာ အလုပ်ဖြုတ်ခံရတဲ့လူတွေလည်း အများကြီးရှိလာပါပြီ။ ဒါကိုလည်း သတိမထားလို့မရပါဘူး။ အကြီးမားဆုံပြဿနာကတော့ အသင်းဟာ ပိုက်ဆံတွေအများကြီးသုံးနေပေမယ့် နိုင်ပွဲတွေမရသလို၊ ချန်ပီယံလိဂ်မှာလည်း ကစားခွင့်မရပါဘူး။ ဒါကြောင့် ဝင်ငွေတွေက ပုံမှန်အတိုင်းမဖြစ်ပါဘူး။ ဒီလိုပြဿနာတွေအတွက် ကစားသမားတွေနဲ့ နည်းပြတွေမှာတာဝန်ရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယနေ့ည ၁၁ နာရီမှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပြိုင်ဘက် တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ကရှုံးကြွေးကိုပြန်ဆပ်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။