
အမှန်တရားအတွက် သင်ယူပြီး နည်းပြတန်ဟက်အား တောင်းပန်ဖို့ ပြောကြားခြင်းခံလိုက်ရတဲ့ ဆန်ချို
ရန်ပြုခံနေရတဲ့သားကောင်ကဲ့သို့ ပြုမူနေခြင်းကို ရပ်တန့်ရန်နှင့် ယူနိုက်တက် ကစားသမားဘဝကို ကယ်တင်ရန် အာရုံစိုက်ဖို့ ဆန်ချိုအား ဂေါ်ဒန်စထရာချန်က ပြောကြားလိုက်ပါတယ်။
ဆန်ချိုဟာ တန်ဟက်နှင့်ပြဿနာဖြစ်ခဲ့ပြီးနောက် ယူနိုက်တက်ကနေ ထုတ်ပယ်ခြင်းခံလိုက်ရပါတယ်။ ပေါင် ၇၅ သန်းတန် ကစားသမားကို လေ့ကျင့်မှု ညံ့ဖျင်းခြင်းအတွက် တန်ဟက်က ချန်လှပ်ခဲ့သလို တောင်ပံကစားသမားရဲ့ သဘောထားအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ ဆန်ချိုကလည်း နယ်သာလန်သားနည်းပြအား အမှန်အတိုင်း မပြောကြားဘူးလို့ စွပ်စွဲကာ ဆိုရှယ်မီဒီယာမှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ယခုရက်သတ္တပတ်အစောပိုင်းတုန်းက ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း သဘောထားကွဲလွဲမှုများကို မဖြေရှင်းနိုင်ခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ဆန်ချိုအပေါ် မည်သို့လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့တာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကြယ်ပွင့်ဟောင်း စထရာချန်ကတော့ ဆန်ချိုအနေနဲ့ အိုးထရက်ဖို့ဒ်မှာ ဘယ်လိုအနာဂတ်မျိုး ဆက်ရှိနေနိုင်မလဲဆိုတာကို လေ့လာဖို့အတွက် မှန်မှာ အကြာကြီးကြည့်ဖို့လိုတယ်လို့ ထင်ကြောင်း ပြောထားပါတယ်။
Gamingzone.com သို့ စထရာချန်က "ကစားသမားတွေဟာ သူတို့ရဲ့နည်းပြတွေဆီကနေ အမှန်တရားကို အမြဲလိုချင်ကြပါတယ်။ ဒီဖြစ်ရပ်မှာ တန်ဟက်က မေးခွန်းကို ရိုးရိုးသားသားဖြေခဲ့ပြီး ကစားသမားက သူ့ရဲ့တုံ့ပြန်မှုကို မကြိုက်တာပါ" "ဒါပေမယ့် ဂျေဒန်က အမှန်တရားကို သင်ယူဖို့ လိုအပ်ပါတယ်" "နောက်ကွယ်မှာ သူလုပ်ခဲ့တာတွေကို တန်ဟက်က မီဒီယာကနေတဆင့် ပြောတာတဲ့ပတ်သက်ပြီး ပြန်ကြည့်လိမ့်မယ်ထင်ပါတယ်။ နောက်ပြီး အခုဖြစ်နေတာကို ရှောင်နိုင်ဖို့ သူ့ကိုအချင်းချင်း မျက်နှာချင်းဆိုင်ပြောတာက ပိုထိရောက်ပါလိမ့်မယ်" "ဒါပေမယ့် ဂျေဒန်ဟာ သူ့ကိုယ်သူ ပြန်ကြည့်ပြီး ဘာတွေမှားနေတယ်ဆိုတာ တွေးကြည့်ဖို့ထက် တိုက်ခိုက်ခံရတယ်လို့ ခံစားရတာပါ"
"ကစားသမား တစ်ယောက်အတွက် ကျွန်တော်ပထမဆုံးပြောချင်တာက ကိုယ့်ကိုကိုယ်ကြည့်ကြည့်ပါ။ တခြားသူတွေရှေ့မှာ ကိုယ့်ကိုကိုယ်ကြည့်လိုက်ပါ။ ဒါက ရိုးရှင်းပါတယ်။ ကစားခဲ့တဲ့ ပွဲတွေကိုသွားကြည့်ပြီး ထင်သလောက်ကောင်းခဲ့ရဲ့လား ကျွန်တော့်ကိုပြောပြပါ" "တကယ်လို့သာ မကောင်းခဲ့ဘူးဆိုရင် ဒီမှာကစားလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်ရဲ့ စံနှုန်းတွေက တခြားနေရာတွေထက် ပိုများနေလို့ပါ။ ကျွန်တော်သာ ဂျေဒန်ဖြစ်ခဲ့ရင် ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး နည်းပြကို တောင်းပန်မှာပါ" လို့ ပြောပါတယ်။
ဆန်ချိုနဲ့ ဆက်ဆံရတာက တန်ဟက် ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တစ်ခုပါပဲ။ ယူနိုက်တက်က ပထမ ၄ ပွဲတွင် ၂ ပွဲရှုံးခဲ့ပြီး အန်တိုနီကလည်း အိမ်တွင်း အလွဲသုံးစားလုပ်မှုကြောင့် အသင်းမှာ ပါဝင်နိုင်ခြင်းမရှိသလို အဓိက ကစားသမားများ ဒဏ်ရာရရှိနေက အသင်းပိုင်ရှင် ဂလေဇာမိသားစုကလည်း ကလပ်အားရောင်းချဖို့ သဘောတူညီမှုမရရှိသေးပါဘူး။
စကော့တလန်နည်းပြဟောင်း စထရာချန်က ကွင်းပြင်ပပြဿနာတွေက ကွင်းအတွင်းဖြစ်ပျက်နေတဲ့ အရာများကို စတင်အကျိုးသက်ရောက်နေပြီလို့ ရှုမြင်နေပါတယ်။ "ဒါဟာ ရာသီရဲ့ ပျမ်းမျှ အစတစ်ခုပါ။ အခုအချိန်က နည်းနည်းတော့ မိုက်တယ်။ ဘောလုံးပွဲကိုကြည့်တဲ့အခါ ဘာကမှ ခင်များကို မှုတ်ထုတ်လိုက်လို့မရသလို အထင်ကြီးစရာလည်း ဘာမှမရှိပါဘူး" "အာရုံစူးစိုက်မှု အများစုဟာ ကွင်းပြင်ပ လှုပ်ရှားမှုတွေလို့ ထင်ရပါတယ်။ ပရိသတ်တွေက ဂလေဇာမိသားစုကို ထွက်သွားစေချင်ကြပါတယ်။ ပရိသတ်တွေက အဲဒါကို အာရုံစိုက်ပြီး အချိန်ကုန်နေတယ်ဆိုရင် ကစားနေတဲ့ပွဲတွေကလည်း ဖျော်ဖြေမှုမပေးနိုင်ဘူးလို့ ပြောလာကြမှာပါ" လို့ သူက ပြောပါတယ်။
တန်ဟက်ရဲ့ ကြယ်ပွင့်ကစားသမားအချို့ဟာ လုံလောက်တဲ့ အလုပ်ကို မလုပ်နိုင်ဘူးဟု စထရာချန်က ယူဆပြီး "တစ်ဦးချင်း အနေနဲ့ ယူနိုက်တက်မှာ ထူးချွန်တဲ့ ကစားသမားတချို့ ရှိပါတယ်။ ကက်စ်မဲရိုး၊ ဖာနန်ဒက်စ်၊ အဲရစ်ဆင်တို့က အရမ်းကောင်းတဲ့ ကစားသမားတွေပါ" "အဖွဲ့တစ်ဖွဲ့အနေနဲ့ တစ်ခုခုတော့ အလုပ်မဖြစ်နေပါဘူး။ ဒီလိုမျိုး ကွင်းလယ်ကစားသမား ၃ ဦးရှိတဲ့အခါ ရှေ့တန်းကစားသမား ၃ ဦးကရော လုံလုံလောက်လောက် လုပ်နေတာလား ဒါမှမဟုတ် ဒီကစားသမားတွေကို လုံလောက်တဲ့ အကာအကွယ်တွေ ပေးနေတာလား" "အသင်းရဲ့ ရှေ့တန်းကစားသမား ၃ ဦးဆီကနေ ဒီလိုမျိုးအလုပ်အားနှုန်း ရထားဖို့လိုပါတယ်" "သူတို့က ပြိုင်ဘက်တွေ ဘောလုံးရရင် ဒုက္ခရောက်အောင် လုပ်ရမယ်။ ဒါကြောင့် ယူနိုက်တက်ရဲ့ ကွင်းလယ်က ရုန်းကန်နေရတာ ဖြစ်နိုင်ပါတယ်။ ဒါက တစ်ဦးချင်းကို အပြစ်တင်ဖို့ မေးခွန်းထုတ်စရာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။