The network connection is lost.

Banner Image

လိုင်ယွန်ကိုအနိုင်ယူပြီးနောက် သရဲနီတို့ပျောက်ဆုံးနေတဲ့ အဓိကလက္ခဏာတစ်ရပ်ကို ပြောပြလာတဲ့ အာမိုရင်

ဒီနေ့မနက်ပိုင်း၊ ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က လိုင်ယွန်ကို နောက်မှလိုက်ကစားကာ ၅-၄ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အသင်းအတွက် ကြံ့ခိုင်မှုပိုင်းကိစ္စဟာ ပြဿနာတစ်ရပ်ဖြစ်တယ်လို့ နည်းပြအာမိုရင်က အတိအလင်းထုတ်ပြောလာခဲ့ပါတယ်။ ယူနိုက်တက်အတွက် ယာယီတိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားခဲ့တဲ့ ဗဟိုခံစစ်ကစားသမားမက်ဂွါရီရဲ့ နောက်ကျအနိုင်ဂိုးက ပွဲစဉ်ရလဒ်ပိုင်းအတွက် အဓိကအဆုံးအဖြတ်ဖြစ်သွားခဲ့ပါတယ်။

ယူနိုက်တက်က ပွဲချိန်အများစုမှာ ပြိုင်ဘက်ထက်ပိုကောင်းအောင် ကစားနိုင်ပေမယ့် တိုက်စစ်ပိုင်းအမှားအယွင်းတွေ များပြားခဲ့လို့ ပြင်သစ်ကလပ်အသင်းရဲ့ချေပဂိုးနှစ်ဂိုးနဲ့အတူ အချိန်ပိုအထိ ဆက်ကစားခဲ့ရပါတယ်။ လိုင်ယွန်ကိုယ်တိုင်လည်း တိုလစ်ဆိုရဲ့နှစ်ဝါတစ်နီပြစ်ဒဏ်ကြောင့် ကစားသမားတစ်ဦးလျော့နဲ့ အချိန်ပိုမိနစ်အများစုကို ဖြတ်သန်းခဲ့ရပေမယ့် အစောပိုင်းအချိန်ပိုမိနစ်တွေအတွင်း ဦးဆောင်ဂိုးနှစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

အာမိုရင်ရဲ့အသင်းက ၂-၄ ဂိုးဆိုတဲ့ရလဒ်ဖြင့် နစ်မြှုပ်ပျက်စီးရတော့မယ်လို့ တွေးထင်နေချိန်မှာပဲ လက်ကျန်ပွဲချိန်နောက်ဆုံးခုနစ်မိနစ်အတွင်း သုံးဂိုးဆက်တိုက်သွင်းယူကာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ဆီ တက်ရောက်သွားခဲ့ပါတယ်။ လိုင်ယွန်ကို အခုလို အိမ်မက်ဆန်ဆန် ၅-၄ ဂိုးဖြင့် အနိုင်ယူပြီးနောက် မန်ချက်စတာယူနိုက်တက်နည်းပြ အာမိုရင်က သူ့အသင်းအတွက် ကြံ့ခိုင်မှုပိုင်းဟာ ပြဿနာတစ်ရပ်ဖြစ်ခဲ့တယ်လို့ ဝန်ခံလိုက်ပြီး လာမယ့်ရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တိုးတက်လာဖို့ဆိုရင် ဒီအပိုင်းကို ဖြည့်တင်းဖို့ လိုအပ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

ပွဲစဉ်အပြီး TNT Sports နဲ့တွေ့ဆုံချိန် အာမိုရင်က “ ဆက်စပ်နေတဲ့အကြောင်းအရာတွေကိုလည်း ကျွန်တော်တို့ အသိအမှတ်ပြုသွားရပါမယ်။ ကျွန်တော်တို့အသင်းမှာ စရိုက်လက္ခဏာများစွာ ပျောက်ဆုံးနေပါတယ်။ အသင်းအတွက် ကြံ့ခိုင်မှုပိုင်းက ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဥရောပအဆင့်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ကစားချိန် ဒါကို ပိုကောင်းအောင် လုပ်နိုင်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ကျွန်တော်တို့ အတော်လေးဒုက္ခတွေ့ခဲ့ပါတယ်။ ဒီအခိုက်အတန့်အတွက် လှုံ့ဆော်မှုအချို့ရရှိစေဖို့ ၁၉၉၉ ခုနှစ် ဆုဖလားသုံးလုံးအောင်ပွဲမှတ်တမ်းရုပ်ရှင်ကို ကျွန်တော် ကြည့်ရှုခဲ့ပါတယ်။ အရမ်းကောင်းတဲ့ညချမ်းတစ်ခု ဖြစ်ခဲ့ပါတယ်။

 အသင်းကလည်း အတော်လေးပင်ပန်းနေခဲ့ပြီး ကစားသမားတစ်ဦးအသာစီးရရှိထားပေမယ့် ၂-၄ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။ ပြီးဆုံးသွားပြီလို့ ကျွန်တော်တို့တွေးမိပေမယ့် ဒီနေရာမှာတော့ ဘယ်တော့မှ မပြီးဆုံးသွားခဲ့ပါဘူး။ ဒီကွင်းကြီးရဲ့အငွေ့အသက်ကိုခံစားမိမယ်ဆိုရင် အရာရာတိုင်းကို ဖြစ်လာနိုင်စေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပယ်နယ်တီသွင်းဂိုးအပြီး ၃-၄ ဂိုး ဖြစ်သွားချိန် ကျွန်တော်တို့တွေ ပွဲကို အပြောင်းအလဲပြုလုပ်နိုင်မယ်လို့ ခံစားမိခဲ့ပါတယ်”လို့ ပြောပါတယ်။

ယူနိုက်တက်ရဲ့ပြန်လာနိုင်မှုအတွက် သူ့ရဲ့ပွဲချိန်နောက်ပိုင်းအပြောင်းအလဲတွေအကြောင်း မေးမြန်းလာမှုကိုတော့ အာမိုရင်က အသင်းအတွက် တိုက်စစ်မှူးအဖြစ် အကျိုးရှိရှိအသုံးချနိုင်မယ့် တစ်ဦးတည်းသောကစားသမားအဖြစ် မက်ဂွါရီကို ခံစားမိပုံအကြောင်း ရှင်းပြသွားခဲ့ပါတယ်။ အာမိုရင်က “ ကျွန်တော်တို့တွေ မက်ဂွါရီကို တိုက်စစ်ပိုင်းနေရာမှာ အသုံးပြုသွားဖို့ ကြိုးစားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ခေါင်းတိုက်ဂိုးသွင်းယူနိုင်တဲ့ တစ်ဦးတည်းသောကစားသမား ဖြစ်နေလို့ပါပဲ။ ဒဏ်ရာကြောင့် မိုင်နူးက လျှင်မြန်မှုနှုန်းလျော့ကျနေခဲ့ပေမယ့် အနီးကပ်ဘောလုံးပေးပို့မှုအပိုင်းကိုတော့ အကောင်းဆုံးလုပ်ဆောင်သွားခဲ့ပါတယ်”လို့ ပြောပါတယ်။