လိဒ်စတား ဂရေးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ တော့တင်ဟမ်
တော့တင်ဟမ်အသင်းဟာ လိဒ်စတား ဂရေးကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့အပတ်တုန်းက လိဒ်နဲ့ ဘရန့်ဖို့ဒ်တို့က ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့ကြပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။
အဆိုပါအနေအထားက တော့တင်ဟမ်အတွက် အခြေအနေကောင်းခဲ့တာဖြစ်ပြီး ၆ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ မဖော်ပြတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ခေါ်ယူနိုင်ခဲ့တာလို့ သိရပြီး ပေါင် ၂၅ သန်း ကနေ သန်း ၃၀ ဝန်းကျင်လောက်ဖြစ်လိမ့်မယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လိဒ်ယူနိုက်တက်အသင်းဟာ မေလတုန်းက ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ဘဏ္ဍာရေးဆိုင်အရ ကြီးမားတဲ့ငွေကြေးဖိအားရှိလာခဲ့တာဖြစ်ပါတယ်။ ဂရေးဟာ ညာနောက်ခံလူအပြင် ကွင်းလယ်ဗဟိုနေရာမှာပါ ကစားနိုင်တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက လိဒ်နည်းပြ ဖာကီလက်အောက်မှာ ပုံမှန်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
အသက် ၁၈ နှစ်သားဟာ သြဂုတ်လတုန်းက ကာဒစ်ဖ်နဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၅၂ ပွဲအထိ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဂရေးရဲ့ဦးလေးကတော့ ၁၉၆၀ ကနေ ၁၉၇၀ ဝန်းကျင်မှာ လိဒ်အသင်းနဲ့အတူ အောင်မြင်ခဲ့တာဖြစ်ပြီး ပွဲပေါင်း ၃၀၀ ကျော် ပါဝင်ကစားပေးခဲ့ပါတယ်။ အဘိုးဖြစ်သူအပြင် ဖခင်ဖြစ်သူ အန်ဒီကလည်း လိဒ်အသင်းအတွက်ကစားပေးခဲ့ကာ ၃ ယောက်စလုံးက စကာ့တလန်သားတွေဖြစ်ပါတယ်။
အာချီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံရှစ်တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆုကို ရယူထားနိုင်ခဲ့ပါတယ်။ ဝေးလ်သား ရွန်ဒွန်ကတော့ တော့တင်ဟမ်မှာ ၄ နှစ်နေခဲ့ပြီးနောက် အခုလိဒ်အသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။
ရွန်ဒွန်ဟာ ၂၀၂၀ တုန်းက ဆွမ်ဆီးကနေ တော့တင်ဟမ်ကို ပြောင်းလာခဲ့တာဖြစ်ပြီး ၂၄ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ရန်းနက်စ်အသင်းမှာ ၂ ရာသီအငှားကစားခဲ့ပြီးနောက် အသက် ၂၆ နှစ်သားဟာ အခုချိန်မှာ လိဒ်ယူနိုက်တက်နဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။