The network connection is lost.

Banner Image

အာမိုရင်နဲ့ စတင်တွေ့ဆုံချိန်မှာ ဘာတွေပြောခဲ့သလဲဆိုတာ ပြန်လည်ဖွင့်ဟလာတဲ့ အာမက်

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားလေး အာမက်ဒီယာလိုက အသင်းသို့ မကြာသေးမီကမှ ရောက်ရှိလာခဲ့တဲ့ နည်းပြသစ် ရူဘင်အာမိုရင်နဲ့ စတင်တွေ့ဆုံချိန် ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်မှာ ဘာတွေပြောခဲ့သလဲဆိုတာ ထုတ်ဖော်ဖွင့်ဟလာခဲ့ပါတယ်။ 

ယခုရာသီ နည်းပြဟောင်း အဲရစ်တန်ဟက်လက်အောက်မှာ ပွဲထွက်ခွင့်ပုံမှန်ရလာခဲ့တဲ့ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ယာယီနည်းပြ ဗန်နစ္စတယ်ရွိုင်းနဲ့ နည်းပြသစ်အာမိုရင်လက်အောက်မှာ ပိုမိုတောက်ပလာခဲ့ပြီး ပေါ်တူဂီသားရဲ့ ယုံကြည်မှုကိုလည်း ရရှိထားသူဖြစ်ပါတယ်။ အာမိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ ညာတောင်ပံနေရာကို တာဝန်ကျေအောင် ဖြည့်ဆည်းပေးထားနိုင်တဲ့ အာမက်ဟာ တစ်ပွဲပြီးတစ်ပွဲ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး ပြီးခဲ့တဲ့  တနင်္ဂနွေနေ့က အဲဗာတန်ကို ၄-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ 

လက်ရှိယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမားစာရင်းထဲမှာ ပုံမှန်ခြေစွမ်းကို ထိန်းသိမ်းနိုင်တဲ့ကစားသမား အနည်းငယ်သာရှိနေပေမယ့် အာမက်ကလည်း အဆိုပါစာရင်းထဲမှာပါဝင်နေသူဖြစ်ပါတယ်။ ယခုအခါမှာတော့ အာမိုရင်နဲ့ စတင်တွေ့ဆုံချိန်မှာ ဘာတွေပြောခဲ့သလဲဆိုတာကို ကစားသမားက “ယူနိုက်တက်မှာကစားဖို့ဆိုရင် နေရာတစ်နေရာတည်းမှာ အသေကစားနေလို့ မရပါဘူး။ တစ်ခါတလေမှာ နောက်တန်းကိုဆင်းရသလို၊ တစ်ခါတလေမှာ တိုက်စစ်ကစားရပါတယ်။ မန်နေဂျာ ကျွန်တော့်ကို ဘယ်နေရာမှာပဲ ထားထား ကျွန်တော်ကတော့ အသင်းအတွက် ပေးဆပ်ဖို့အဆင်သင့်ပါပဲ”

“တောင်ပံမှာပဲဖြစ်ဖြစ် နံပါတ် ၁၀ နေရာမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာ ကစားရ ကစားရ ကျွန်တော့်အတွက်တော့ ပြဿနာမဟုတ်ပါဘူး။ ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ကျွန်တော် မန်နေဂျာကိုပြောဖူးတာရှိပါတယ်။ အဲဒါကတော့ ကျွန်တော့်ကို ဂိုးဖမ်းခိုင်းမယ်ဆိုရင်တောင် အကောင်းဆုံးကြိုးစားသွားမယ်ဆိုတာပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

အာမက်ဟာ အာမိုရင် ထုတ်ဖော်ချီးကျူးခဲ့ဖူးတဲ့ ယူနိုက်တက်ရဲ့ကစားသမားအနည်းငယ်ထဲမှာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အာမိုရင်က အာမက်ဟာ အနာဂတ်မှာ ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ခွင့်ရမယ့် ကစားသမားဖြစ်ကြောင်းပြောကြားခဲ့ပေမယ့် ကြံ့ခိုင်မှုတည်ဆောက်ဖို့ ဂရုစိုက်ရမယ့်အကြောင်းလည်း ပြောကြားခဲ့ပါတယ်။ 

အဲဗာတန်နဲ့ပွဲစဉ်အပြီးမှာ ပေါ်တူဂီသားက “အာမက်က တကယ်ပဲခြေစွမ်းတိုးတက်လာခဲ့ပါပြီ။ သူက ခြေစွမ်းကောင်းကိုရနေတဲ့ ကစားသမားဖြစ်ပေမယ့် တစ်ချိန်တည်းမှာပဲ အသင်းကလည်း တိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် နစ္စတယ်ရွိုင်းလက်အောက်မှာ ပိုကောင်းလာတဲ့ အာမက်ကို ကျွန်တော်က အခန့်သင့်အသုံးချနိုင်ခဲ့ပါတယ်။ သူက တိုက်စစ်မှာရော၊ ခံစစ်မှာပါ ခြေစွမ်းကောင်းနဲ့ကစားနိုင်တဲ့ ကစားသမားပါ။
 ဒီလိုပုံစံအတိုင်း ဆက်ကစားသွားနိုင်ဖို့တော့ လိုပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ သူ့ပုံစံက တကယ့်တကယ်ကို ပင်ပန်းနွမ်းနယ်နေပုံရလို့ ကိုယ်ကာယာကြံ့ခိုင်မှုအခြေအနေကိုတော့ ကျွန်တော်တို့ ဂရုစိုက်သွားရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။