The network connection is lost.

Banner Image

ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ပြီးနောက် အသင်းဖော်တွေရဲ့ဆုံးဖြတ်ချက်ချမှတ်ပုံအပေါ် ဝေဖန်သွားတဲ့ ဂမ်ဒိုဂန်

အရေးကြီးတဲ့အခိုက်အတန့်တိုင်းမှာ အမှားအယွင်းတွေပြုလုပ်ခဲ့မှုကြောင့် ဖိအားအနည်းငယ်အောက်မှာပင် မန်စီးတီးအသင်း ပြိုလဲသွားခဲ့တယ်လို့ ကွင်းလယ်လူဂမ်ဒိုဂန်က ဝန်ခံပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်တွေမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ သူတို့ရဲ့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးမျှော်လင့်ချက်အတွက် အခက်အခဲတွေနဲ့ရင်ဆိုင်လာနိုင်ရခြေ မြင့်တက်လာခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ ၁၀ မှာ ခုနစ်ပွဲအထိ ရှုံးနိမ့်ပြီး ပက်ဂွါဒီယိုလာလက်အောက် ပုံစံကောင်းပျောက်ဆုံးနေမှု ဆက်လက်တည်ရှိနေခဲ့ပါတယ်။

အခုပွဲစဉ်အပြီး ပက်ဂွါဒီယိုလာက အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ကာကွယ်ပြောဆိုခဲ့သလို ဂမ်ဒိုဂန်ကလည်း သူတို့အသင်း အမှားအယွင်းများစွာမရှိခဲ့ပေမယ့် ပွဲစဉ်ရဲ့အရေးပါတဲ့အခိုက်အတန့်တွေမှာ အားနည်းချက်တွေရှိခဲ့တယ်လို့ ယုံကြည်နေပါတယ်။ 

TNT Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ဂမ်ဒိုဂန်က “ကျွန်တော်တို့အသင်း ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ရှိခဲ့ပေမယ့် အခိုက်အတန့်တိုင်းမှာ ကျွန်တော်တို့ခွင့်ပြုပေးလိုက်ရတဲ့ ပြိုင်ဘက်ရဲ့တိုက်စစ်ဆင်မှုတိုင်းကလည်း အန္တရာယ်ကြီးမားလွန်းတယ်လို့ ခံစားမိပါတယ်။ တခါတရံ တစ်ဦးချင်းရင်ဆိုင်တိုက်ပွဲတွေမှာ ကျွန်တော်တို့တွေ ဂရုစိုက်မှုနည်းပါးခဲ့သလို ရိုးရိုးရှင်းရှင်းလုပ်ရမယ့်အစား အရာရာတိုင်းကို ပိုမိုရှုပ်ထွေးသွားအောင် လုပ်မိခဲ့ပါတယ်။

ဘောလုံးပေးပို့မှုတွေ လွဲချော်နေခဲ့သလို ခံစစ်တိုက်စစ်ကူးပြောင်းချိန်တိုင်းမှာလည်း ဘောလုံးတွေ ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ဘက်ကို တန်ပြန်တိုက်စစ်စတင်ဖို့ အခွင့်အရေးပေးမိပြီး မီတာ ၅၀၊ ၆၀ လောက် ပြန်ပြေးလိုက်ခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့ တည်ဆောက်ထားတဲ့ပုံစံမဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းက ခွန်အားအပြည့်နဲ့ ဘောလုံးပိုင်ဆိုင်မှုအသားစီးရယူကစားဖို့ တည်ဆောက်ထားတာပါ။ ဘာမှမလုပ်နိုင်ဘူးဆိုရင်တောင် ဘောလုံးကို အဆုံးရှုံးမခံနိုင်တဲ့ပုံစံမျိုး ဖြစ်ပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့အတွက် ဒီပုံစံက အလုပ်မဖြစ်သေးပါဘူး။

ဒါက စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုပါ။ ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါလိမ့်မယ်။ တခါတရံ ဘောလုံးပိုင်ဆိုင်မှုဆုံးရှုံးသွားချိန်တိုင်း (သို့မဟုတ်) တစ်ဦးချင်းရင်ဆိုင်ရချိန် ဘောလုံးပျက်သွားချိန်တိုင်း ကျွန်တော်တို့တွေ ခံစစ်ကို ပြန်ဆင်းပေးရပြီး အသင်းလိုက်ဟန်ချက် ပျက်သွားတက်ပါတယ်။

ဒါမျိုးက အခုအချိန်မှာ ပြိုင်ဘက်အတွက် အများကြီးလုပ်ဆောင်စရာ မလိုဘူးဆိုရင်တောင် ကျွန်တော်တို့အပေါ်မှာတော့ ကြီးမားတဲ့သက်ရောက်မှုတစ်ခု ရှိစေပါတယ်။ အခုထက်ပိုပြီး ရိုးရှင်းတဲ့အရာတွေကို တက်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ လိုအပ်ပြီး သက်သောင့်သက်သာနဲ့ အခွင့်အရေးတွေ ဖန်တီးသွားနိုင်ရပါမယ်။ ပြီးရင်တော့ နောက်တစ်ကြိမ်ထပ်ပြီးတော့ ကြိုးစားသွားကြတာပေါ့။

ဒါကပဲ ပွဲစဉ်တစ်ခုမှာ ယုံကြည်မှုပိုင်းပြန်လည်ရရှိစေမယ့် အချက်ဖြစ်ပါတယ်။ ယုံကြည်မှုပြန်ရဖို့ ရိုးရှင်းသေးငယ်တဲ့ အရာတွေကိုပဲ လုပ်ဆောင်သွားကြပါမယ်။ အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ကျွန်တော်တို့တွေ အမြဲတမ်းအမှားကျူးလွန်မိပါတယ်”လို့ ပြောပါတယ်။