
ယူနိုက်တက်ဘက်သို့သွင်းယူခဲ့တဲ့ ဂိုးက ကစားသမားဘဝတစ်လျှောက် အကြိုက်ဆုံးဂိုးဖြစ်တယ်လို့ မက်ဆီ ဖွင့်ဟ
အင်တာမီယာမီစူပါစတား လီယွန်နယ်မက်ဆီက လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်မှာ ဂိုးပေါင်းမြောက်မြားစွာသွင်းယူခဲ့ပေမယ့် သူ့အကြိုက်ဆုံး သွင်းဂိုးကတော့ မန်ချက်စတာယူနိုက်ဘက်သို့သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အသက်-၃၇ နှစ်အရွယ်ကစားသမားဟာ ၂၀၀၉ ခုနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့အတူ ယူနိုက်တက်ကို ရင်ဆိုင်ခဲ့ရဖူးပြီး အဆိုပါပွဲစဉ်မှာ အသင်းအတွက် ခေါင်းတိုက်ပြီးဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ယခုအခါမှာ အာဂျင်တီးနားအသင်းခေါင်းဆောင်က "ကျွန်တော့်ကစားသမားဘဝတစ်လျှောက် အရေးပါတဲ့သွင်းဂိုးတွေနဲ့ အခြားဂိုးတွေ အများကြီးသွင်းခဲ့ဖူးပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲက ခေါင်းတိုက်ဂိုးကတော့ အမြဲတမ်းအတွက် ကျွန်တော်အကြိုက်ဆုံးဂိုးပါပဲ။ အဲဒီဂိုးထက် ပိုလှတဲ့ဂိုးတွေ သွင်းဖူးခဲ့ပေမယ့် ကျွန်တော့်အကြိုက်ဆုံးကတော့ အဲဒီဂိုးပါပဲ" လို့ပြောကြားခဲ့ပါတယ်။
အာဂျင်တီးနား၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ အင်တာမီယာမီတို့မှာ အောင်မြင်တဲ့ကစားသမားဘဝကို ဖြတ်သန်းခဲ့တဲ့ မက်ဆီဟာ ဂိုးပေါင်း ၈၀၀ ကျော်အထိ သွင်းယူထားသူဖြစ်ပြီး ဘောလွန်းဒီအော်ဆု ၈ ကြိမ်နဲ့အတူ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။
မက်ဆီအနေနဲ့ သူ့ရဲ့ကစားသမားဘဝကို သွင်းဂိုးတွေနဲ့ အဆုံးသတ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေမှာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့မှာတော့ အင်တာမီယာမီနဲ့အတူ ဖီလာဒယ်ဖီရာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။