The network connection is lost.

Banner Image

မန်စီးတီးနဲ့ပွဲစဉ်ကို ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်မဟုတ်ဘူးလို့ အာတီတာ အခိုင်အမာပြောဆို

ဘောလုံးရာသီရဲ့ ဒီလိုအချိန်မှာ ကောက်ချက်ဆွဲဖို့ဆိုတာ စောလွန်းသေးတယ်လို့ ပြောဆိုရင်း ပရီးမီးယားလိဂ်ချန်ပီယံဆုပြေးလမ်းပြိုင်ဘက်၊ ဧည့်သည်မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် အခုသီတင်းပတ်ကုန်၊ ပွဲကြီးပွဲကောင်းရဲ့အရေးပါမှုကို အာဆင်နယ်နည်းပြအာတီတာက လျှော့ချပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ်ခုနစ်ပွဲဆက် အနိုင်ရလဒ်နဲ့ စတင်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို လတ်တလောလေးပွဲမှာ တစ်မှတ်သာ ရှာဖွေထားနိုင်တဲ့ အန်ဇိုမာရက်စ်ကာရဲ့ အဆင့် ၃ နေရာရှိ မန်စီးတီးထက် ခြောက်မှတ်အသာရရှိထားပါတယ်။

ဒါပေမဲ့ အာတီတာက အမ်းမရိတ်စ်ကွင်းမှာ ချန်ပီယံပြေးလမ်းပြိုင်ဘက်နဲ့ ရင်ဆိုင်ရမှုရဲ့ အရေးပါပုံကို အသိအမှတ်ပြုခဲ့ပေမဲ့ တနင်္ဂနွေနေ့ပွဲစဉ်ရလဒ်ပိုင်းကြောင့် ချန်ပီယံဆုပြိုင်ပွဲအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်တယ်ဆိုတဲ့ အယူအဆကိုတော့ ပယ်ချလိုက်ပါတယ်။

သောကြာနေ့သတင်းထောက်တွေနဲ့တွေ့ဆုံချိန် စပိန်လူမျိုးနည်းပြက "အသင်းကြီးတွေနဲ့ အိမ်ကွင်းပွဲစဉ်တွေ ကစားတဲ့အခါ ဒါက ချန်ပီယံဆုစိန်ခေါ်မှုအတွက် အလွန် အဆုံးအဖြတ်ကျပါတယ်။ အဲဒီအိမ်ကွင်းပွဲစဉ်တွေက ဘယ်လောက်အရေးပါသလဲနဲ့ သူတို့ ဘယ်လို ခြားနားချက်တွေ ဖန်တီးပေးနိုင်မလဲဆိုတာ ကျွန်တော်တို့ သိပါတယ်"

"ဒါပေမဲ့ ရှင်းရှင်းလင်းလင်းပြောရရင် အခု နိုဝင်ဘာလပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ကစားရဦးမယ့် အချိန်တွေ အများကြီးကျန်သေးတယ်ဆိုတာလည်း သိထားပါတယ်။ ဒါ အသင်းတိုင်းအတွက် အတူတူပါပဲ" လို့ ပြောပါတယ်။

နယူးကာဆယ်နဲ့ တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘယ်ဘက်လက်မောင်းဒဏ်ရာရရှိခဲ့ပြီး ဒေါ့မွန်နဲ့ရင်ဆိုင်ရတဲ့ အင်္ဂါနေ့ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့တဲ့ ဂိုးသမားဒေးဗစ်ရာယာရဲ့ကြံ့ခိုင်မှုအခြေအနေကိုလည်း အာတီတာက လျှို့ဝှက်ထားပါတယ်။

မန်စီးတီးနဲ့ပွဲစဉ်ကို ရာယာပါဝင်နိုင်မလားလို့ မေးမြန်းရာမှာ အာတီတာက "ကျွန်တော် မသိသေးပါဘူး။ ပွဲမစခင် နာရီအနည်းငယ် အချိန်ကျန်ပါသေးတယ်။ ကစားသမားအားလုံး ပြန်ပါဝင်လာနိုင်အောင် ကျွန်တော်တို့ ကြိုးစားနေဆဲပါ" လို့ ဖြေကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ နယူးကာဆယ်နဲ့ယှဉ်ပြိုင်ရတဲ့ပွဲစဉ်အတွင်း ရာယာရဲ့နေရာကို ကီပါ လူစားဝင်ကစားခဲ့သလို အင်္ဂါနေ့၊ ဒေါ့မွန်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်ကိုလည်း ပါဝင်ကစားပေးခဲ့ပါတယ်။