ချဲလ်ဆီးကို အနိုင်ရရှိပြီးနောက် ပြီးပြည့်စုံတဲ့ ညချမ်းတစ်ခုလို့ ကျေကျေနပ်နပ် ပြောဆိုလိုက်တဲ့ မော်ဂန်ဂစ်ဝှိုက်
ချဲလ်ဆီးကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပြီးပြည့်စုံတဲ့ ညချမ်းတစ်ခု အဖြစ် နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် မော်ဂန်ဂစ်ဝှိုက်က ချီးကျူးပြောဆိုလိုက်ပါတယ်။
မကြာသေးမီကပဲ မန်စီးတီးကို အနိုင်ယူခဲ့တဲ့ ဂလက်စ်နာရဲ့အသင်းက အခုလည်း နောက်ထပ်အသင်းကြီးတစ်ခုကို ထပ်မံအလဲထိုးပြီး တန်းဆင်းဇုန်နဲ့ သုံးမှတ်အကွာ၊ အဆင့် ၁၄ နေရာဆီ တက်လှမ်းလာပါတယ်။
ချဲလ်ဆီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂစ်ဝှိုက် ခြေစွမ်းပြသခဲ့ပြီး ဒုတိယပိုင်းအစောပိုင်းမှာ အသင်းအတွက် ပင်နယ်တီအပါအဝင် သွင်းဂိုးနှစ်ဂိုးကို သွင်းယူခဲ့ပါတယ်။
ပွဲအပြီးမှာ BBC Match of the day အစီအစဉ်နဲ့တွေ့ဆုံချိန် အသက် ၂၆ နှစ်အရွယ် ကစားသမားက ရုန်းကန်နေရတဲ့ အလွန်ဆိုရဲ့အသင်းအပေါ် အနိုင်ရရှိမှု 'ပြီးပြည့်စုံတဲ့ ညချမ်းတစ်ခု' လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
သူက "ဒါ ပြီးပြည့်စုံတဲ့ ညချမ်းတစ်ခုပါပဲ။ သောကြာညမှာ မီးရောင်တွေအောက် City Ground ကွင်းကြီးရယ်၊ ဆူညံကြမ်းတမ်းတဲ့ အငွေ့အသက်တွေနဲ့အတူ အသင်းကစားသမားတွေရဲ့ တကယ့်ကို ပြင်းထန်တဲ့ စွမ်းဆောင်မှုတွေကြောင့် ရရှိခဲ့တဲ့ ထိုက်တန်တဲ့ ၃ မှတ်ပါပဲ" လို့ ပြောပါတယ်။
ဒုတိယမြောက်သွင်းဂိုးအတွက် ပေးပို့မှုနဲ့ ပတ်သက်ပြီး ဂစ်ဝှိုက်က "ဒါ မယုံနိုင်စရာ ကောင်းတဲ့ ပေးပို့မှုတစ်ခုပါပဲ။ သူ ဒီလိုပေးပို့မှုမျိုးတွေ လုပ်နိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ခြေချောင်းထိပ်လေးနဲ့ အသာအယာ ထိလိုက်နိုင်ခဲ့လို့ ဂိုးဝင်သွားပါတယ်" လို့ ပြောပါတယ်။
မန်စီးတီး၊ ချဲလ်ဆီးတို့ကို ဆက်တိုက်ဆိုသလို အနိုင်ရရှိမှုအပေါ် ဂစ်ဝှိုက်က "ကျွန်တော်တို့ဆီမှာ အဲဒီလို ဆာလောင်စိတ်နဲ့ ပြင်းပြတဲ့ ဆန္ဒတွေ ရှိနေပြီး အခုဆိုရင် ဒါကို အမြဲတစေ တည်ငြိမ်စွာ ပြသသွားနိုင်ဖို့ လိုအပ်ပါတယ်။ အကယ်၍ ကျွန်တော်တို့သာ အဲဒီလို လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ကို တားဆီးနိုင်မယ့် ပြိုင်ဘက်အသင်းဆိုတာကို သိပ်များများစားစား မမြင်မိပါဘူး" လို့ ဆိုပါတယ်။