ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ယူနိုက်တက်နည်းပြအဖြစ် ဆက်လက်တာဝန်ယူသွားမယ့် ကာရစ်
အောက်တိုဘာ ၃၁ ရက်၊ ချဲလ်ဆီးကွင်းဆီ သွားရောက်ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် မိုက်ကယ်ကာရစ်က ဆက်လက်တာဝန်ယူကိုင်တွယ်သွားပါလိမ့်မယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဘုန်းမောက်ကို အိမ်ကွင်းမှာ ၀-၃ ဂိုးဖြင့် ရှုံးနိမ့်မှုကြောင့် ပြိုင်ပွဲစုံရှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုစံချိန် ထွက်ပေါ်လာခဲ့ပြီး ကွင်းလယ်လူဟောင်းအတွက် အိုးထရက်ဖို့ဒ်မှာ ဖိအားတွေ ကြီးကြီးမားမားရင်ဆိုင်လာရပါတယ်။
ဒါပေမဲ့လည်း ကလပ်အသင်းတာဝန်ရှိသူတွေနဲ့ အရေးပေါ်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အနည်းဆုံးတော့ စတမ်းဖို့ဒ်ဘရစ်ချ်ခရီးစဉ်အထိ သူ့ကို နည်းပြရာထူးမှာ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
ကာရစ်ရဲ့နေရာမှာ အမြဲတမ်းနည်းပြအဖြစ် အစားထိုးဖို့အတွက် အက်ဒီဟိုဝီနဲ့ နာဂယ်လ်စ်မန်းတို့ ရေပန်းအစားဆုံးဖြစ်နေပေမဲ့ အခုလိုအချိန်တိုအတွင်းမှာတော့ ဘယ်သူ့ကိုမှ ချက်ချင်းခန့်အပ်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် ချဲလ်ဆီးနဲ့ပွဲစဉ်အပြီးမှသာ အခြေအနေကို ပြန်လည်သုံးသပ်သွားကြပါလိမ့်မယ်။
လာမယ့်လအတွင်း ကာရစ်ကိုထုတ်ပယ်ဖို့ ကလပ်ဘက်က အမှန်တကယ်ဆုံးဖြတ်မယ်ဆိုရင် သူ့ရဲ့နေရာမှာ အစားထိုးဝင်ရောက်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လိုတယ်ဆိုတာလည်း အက်ဒီဟိုဝီကိုယ်တိုင် အသိပေးထားပါတယ်။ ဒါပေမဲ့ အတွေ့အကြုံရင့်နည်းပြမှာ ကလပ်အသင်းဟောင်းနယူးကာဆယ်ယူနိုက်တက်ဆီ ပေးချေရမယ့် လျော်ကြေးငွေ ပေါင် ၆ သန်းလည်း ရှိနေပါသေးတယ်။
ချဲလ်ဆီးနဲ့ပွဲစဉ်ပြီးမှာတော့ ယူနိုက်တက်က နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်မတိုင်မီ အက်စတွန်ဗီလာ၊ ရိုးမားတို့နဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ နှစ်ပွဲဆက်ယှဉ်ပြိုင်ကစားသွားရပါမယ်။