မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာ တော့တင်ဟမ်ရဲ့အကောင်းဆုံးတုံ့ပြန်မှုကို ပြသဖို့ တောင်းဆိုလိုက်တဲ့ ဒီဇာဘီ
ကိုယ်စီဖိအားတွေအောက် ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ဖိအားဒဏ်အပေါ် အကောင်းဆုံးတုံ့ပြန်သွားကြဖို့ အမှတ်ပေးဇယားအောက်ခြေအထိ ရောက်ရှိနေတဲ့ တော့တင်ဟမ်ကို ဒီဇာဘီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ဒီဇာဘီရဲ့အသင်းက အခုဘောလုံးရာသီ၊ ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရရှိဖို့ အလွန်အမင်းလိုအပ်လာချိန် အိုးထရက်ဖို့ဒ်ဆီ သွားရောက်ယှဉ်ပြိုင်ကစားရပါတော့မယ်။
ဒီမြောက်လန်ဒန်ကလပ်အသင်းက ထိပ်တန်းလိဂ်အဖွင့်ပွဲစဉ် ၅ ခုအနက် သုံးပွဲအထိ ရှုံးနိမ့်ထားသလို ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း လီဗာပူးကိုရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။
နိုင်ငံတကာသီတင်းပတ်မတိုင်ခင် နောက်ဆုံးပွဲစဉ်မှာ အိမ်ရှင်ပရိသတ်ရှေ့မှောက် အက်စတွန်ဗီလာကို ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ခါးသီးအတွေ့အကြုံတွေကို ချေဖျက်နိုင်ဖို့ ဒီဇာဘီ စောင့်မျှော်နေပါတယ်။
ဒီအီတာလျံလူမျိုးနည်းပြအပေါ် ဖိအားပေးမှုတွေ မြင့်တက်လာချိန် ယူနိုက်တက်နဲ့ပွဲစဉ်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားပြဖို့ တော့တင်ဟမ်နည်းပြကိုယ်တိုင် သူ့ရဲ့ကစားသားတွေဆီ တောင်းဆိုခဲ့ပါတယ်။
"ဒီပွဲကို ကျွန်တော် စောင့်မျှော်နေခဲ့တာ သီတင်းပတ်သုံးပတ်လောက် ရှိပါပြီ။ အက်စတွန်ဗီလာနဲ့အိမ်ကွင်းရှုံးပွဲအပြီး ပုဂ္ဂိုလ်ရေးအရ နောက်တစ်နေ့မှာတင် နောက်တစ်ပွဲ ချက်ချင်းကစားချင်ခဲ့ပါတယ်" လို့ ဒီဇာဘီက သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
"ဒါ ခက်ခဲခဲ့ပါတယ်၊ အထူးသဖြင့် ပထမဆုံးသီတင်းပတ်မှာ တကယ့်ကို ပင်ပန်းခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပါပဲ။ လက်ရှိအချိန်မှာတော့ ဒါက အခြေအနေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က တုံ့ပြန်ပြသရမယ်၊ အခုအချိန်မှာ အလုပ်ကြိုးစားရပါမယ်" လို့ ဆက်ပြောပါတယ်။
အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းယူမှုမတိုင်ခင် တော့တင်ဟမ်က ရာသီအဖွင့်လိဂ်လေးပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့ပါတယ်။
အမှတ်ပေးဇယားအောက်ဆုံးသုံးသင်းစာရင်မှ ရုန်းထွက်နိုင်ဖို့ဆိုရင် သူ့ရဲ့အသင်းအတွက် တိုက်စစ်ပိုင်းတိုးတက်လာဖို့ လိုအပ်တယ်လို့ ဒီဇာဘီက ဝန်ခံခဲ့ပါတယ်။
"ရာသီအစပွဲစဉ်ခုနစ်ခုမှာ ဂိုးတွေ အများကြီးသွင်းယူနိုင်မယ့် အခွင့်အရေးတွေကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းအဆုံးသတ်မှု၊ ဂိုးဖန်တီးပေးမှုတွေနဲ့ အဆုံးသတ်ကန်ချက်တွေ ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နေပါတယ်" လို့ သူက ပြောပါတယ်။
"ပြိုင်ဘက်ဂိုးဧရိယာဆီ ဘောလုံးအများဆုံးတင်ပို့ပေးနိုင်တဲ့ အသင်းစာရင်းမှာ ကျွန်တော်တို့က စတုတ္ထနေရာမှာ ရှိနေပါတယ်"
"ဒါက ဘာမှမဟုတ်ဘူးဆိုပေမဲ့ ပြိုင်ဘက်ဂိုးဧရိယာဆီ ရောက်အောင် ကျွန်တော်တို့ သွားနိုင်တယ်ဆိုတာကိုတော့ ပြသနေပါတယ်။ ရှင်းလင်းတဲ့အခွင့်အရေးတွေ ရရှိချိန် ဂိုးသွင်းယူနိုင်ဖို့အတွက် ကျွန်တော်တို့ဘက်က အခုချိန်အထိ လုံလုံလောက်လောက် မကောင်းမွန်သေးတာပါပဲ" လို့ ဆိုပါတယ်။
ညံ့ဖျင်းတဲ့ရာသီသစ်စတင်မှုအပြီး ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်လည်း ဖိအားတွေအောက် ရောက်ရှိနေပြီး မန်ချက်စတာဆီ တော့တင်ဟမ်ရောက်ရှိလာမယ့်ခရီးစဉ်ကို 'အထုတ်ခံရမယ့် ဒါဘီပွဲ' (El Sackicko) လို့ လှောင်ပြောင်ခေါ်ဝေါ်နေကြပါတယ်။
ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ရောက်ရှိလာပြီးနောက် တော့တင်ဟမ်ကို တန်းမဆင်းရအောင်ကယ်တင်ပေးနိုင်ခဲ့တဲ့ ဒီဇာဘီအတွက် မကြာမီကာလအတွင်း ရလဒ်တွေ မတိုးတက်လာဘူးဆိုရင် သူ့ရဲ့ရာထူးကို ကယ်တင်နိုင်မယ့် အလားအလာ မရှိတော့ပါဘူး။
"ကျွန်တော်တို့က တော့တင်ဟမ်ပါ။ ယူနိုက်တက်ရော၊ တော့တင်ဟမ်ပါ ပရီးမီးယားလိဂ်မှာ အသင်းကြီးတွေပါပဲ" လို့ သူက ပြောပါတယ်။
"ပိုကောင်းအောင်ကစားပြီး မတူညီတဲ့ရလဒ်တွေကို ဖန်တီးပေးခြင်းအားဖြင့် ဒီကလပ်မှာ လုပ်ကိုင်ခွင့်ရရှိဖို့ ထိုက်တန်တယ်ဆိုတာ ကျွန်တော်တို့ သက်သေပြရပါမယ်" လို့ ဆိုပါတယ်။