စာချုပ်သစ် ချုပ်ဆိုပြီးနောက် အာဆင်နယ်အတွက် နောက်ထပ်ဆုဖလားတွေ ရယူပေးဖို့ ပစ်မှတ်ထားလာတဲ့ အာတီတာ
ပရီးမီးယားလိဂ်ချန်ပီယံအာဆင်နယ်အသင်းနဲ့အတူ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သစ်ကို ချုပ်ဆိုပြီးနောက် အာတီတာက အတူတကွရယူနိုင်မယ့် အောင်မြင်မှုတွေအတွက် အစပြုမှုမျှသာ ဖြစ်တယ်လို့ ကတိကဝတ်ပြုပြောကြားခဲ့ပါတယ်။
ဒီစပိန်လူမျိုးနည်းပြရဲ့စာချုပ်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကုန်မှာ သက်တမ်းပြည့်မြောက်ဖို့ရှိပေမဲ့ စာချုပ်သစ်အရ အမ်းမရိတ်စ်ကွင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖြတ်သန်းနိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။
ကလပ်အသင်းရဲ့ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်တစ်ခုမှာ အများမျှော်လင့်ထားတဲ့ ဒီသဘောတူညီမှုအသစ်နဲ့ပတ်သက်လို့ "ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့တဲ့ တိုးတက်မှုတွေနဲ့ ပြီးခဲ့တဲ့ ရာသီရဲ့အောင်မြင်မှုတွေက ကျွန်တော်တို့သမိုင်းအတွက် ထူးခြားတဲ့ကာလတစ်ခု အစပြုမှု ဖြစ်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ တူညီတဲ့ယုံကြည်ချက်ကို ထင်ဟပ်စေပါတယ်" လို့ ဖော်ပြခဲ့ပါတယ်။
ဘောလုံးရာသီသုံးခုဆက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်က နောက်ဆုံး ၂၂ နှစ်အတွင်း အသင်းဆီ ပထမဆုံးအကြိမ်၊ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ရောက်ရှိလာအောင် စွမ်းဆောင်ပေးခဲ့တဲ့ အာတီတာအတွက် လုပ်ခလစာပမာဏကို သိသိသာသာတိုးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၄ နှစ်အရွယ်နည်းပြက "ဒီကလပ်အသင်းမှာ ကျွန်တော့်ရဲ့အနာဂတ်ကို ဆက်လက်မြှုပ်နှံခွင့်ရရှိမှုနဲ့ အာဆင်နယ်အတွက် အကောင်းဆုံးကို လိုလားကြတဲ့ ထူးချွန်ပြောင်မြောက်သူတွေနဲ့အတူ ရှေ့ဆက်လက်တွဲလုပ်ကိုင်ခွင့်ရရှိတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာ အခွင့်ထူးတစ်ရပ်ပါပဲ" လို့ ပြောပါတယ်။
"ဒီကလပ်က သွင်ပြင်လက္ခဏာနဲ့ ခံစားမှုပုံစံတွေအရ တမူထူးခြားပြီး ကျွန်တော်တို့အတူတကွ ရှေ့ခရီး ဆက်လက်လျှောက်လှမ်းသွားရဖို့ရှိနေလို့ အလွန်ဂုဏ်ယူမိပါတယ်"
"ကျွန်တော်တို့က တစ်သက်လုံးတည်တံ့မယ့် အမှတ်တရတွေနဲ့ အထူးနှောင်ကြိုးတစ်ခုကို တည်ဆောက်ပြီးဖြစ်သလို အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချက်ကတော့ ဒါက ကျွန်တော်တို့ အတူတကွရယူနိုင်မယ့် အောင်မြင်မှုတွေအတွက် အစပြုမှုသာ ဖြစ်နေသေးတယ်ဆိုတာပါပဲ" လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အူနိုင်းအမ်မရီရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့တဲ့ အာတီတာက မန်စီးတီးမှ ပက်ဂွါဒီယိုလာ ထွက်ခွာသွားပြီးနောက် လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သက်တမ်းအကြာဆုံးတာဝန်ယူနေတဲ့ နည်းပြ ဖြစ်လာခဲ့ပါပြီ။
အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်းရဲ့ အမ်းမရိတ်စ်နည်းပြဘ၀အစောပိုင်းကာလတွေမှာ ဖိအားတွေ ကြီးကြီးမားမား ရှိခဲ့ပေမဲ့ အသင်းကို အင်္ဂလန်ဘောလုံးလောကရဲ့ထိပ်ဆုံးနေရာဆီ ပြန်လည်ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာလည်း အာတီတာက ဆယ်စုနှစ်နှစ်ခုတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ဂန်းနားတွေကို ခေါ်ဆောင်သွားပေးခဲ့ပြီး ဒီပွဲစဉ်မှာတော့ ပီအက်စ်ဂျီကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
သူက ဂန်းနားတွေကို ပြိုင်ပွဲစုံ ၃၆၁ ပွဲအထိ တာဝန်ယူကိုင်တွယ်ထားပြီး နိုင်ပွဲရရှိမှုရာခိုင်နှုန်း ၆၂ ရာခိုင်နှုန်းကျော်ဖြင့် ကလပ်အသင်းသမိုင်းတလျှောက် ရလဒ်အကောင်းဆုံးအမြဲတမ်းနည်းပြအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် ဘရိုက်တန်ကို အံ့အားသင့်ဖွယ် ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ မန်စီးတီးနဲ့ သုံးမှတ်အကွာ၊ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ကလပ်အသင်းရဲ့ ပူးတွဲဥက္ကဋ္ဌတွေ ဖြစ်ကြတဲ့ စတန်နဲ့ ဂျော့ရှ်ခရွန်ကီတို့ကလည်း "လက်ရှိအချိန်အထိ ဒါက မယုံကြည်နိုင်စရာ ခရီးစဉ်တစ်ခု ဖြစ်ခဲ့ပြီး ဒီထူးခြားတဲ့ ဆက်ဆံရေးမှာ ရှေ့ဆက်ဖြစ်ပေါ်လာမယ့် အရာတွေအတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်"
"ပြီးခဲ့တဲ့ဘောလုံးရာသီကတော့ အာဆင်နယ်ရဲ့သမိုင်းကြောင်းတလျှောက် မယုံကြည်နိုင်စရာ အခိုက်အတန့်တစ်ခုဖြစ်ခဲ့ပြီး တစ်ဘ၀စာတည်တံ့နေမယ့် အမှတ်တရတွေကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်။ လာမယ့်နှစ်တွေမှာလည်း ဒီလိုအမှတ်တရတွေကို အများကြီးဖန်တီးသွားဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်"
"အာတီတာနဲ့ ကျွန်တော်တို့ကြားမှာ ထူးခြားတဲ့သံယောဇဉ်တစ်ခု ရှိပါတယ်။ ၂၀၁၉ ခုနှစ်၊ ကလပ်အသင်းဆီ သူပြန်ရောက်ရှိလာချိန်မှစလို့ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအားလုံးအတွက် ကျွန်တော်တို့ အလွန်ဂုဏ်ယူမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်စနေနေ့မှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ လိဒ်နဲ့ရင်ဆိုင်ရင်း ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပြန်လည်စတင်သွားပါလိမ့်မယ်။