The network connection is lost.

Banner Image

ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေ ထွက်ပေါ်လာပြီးနောက် မန်စီးတီးကို ရှိတ်မန်ဆော် ရောင်းထုတ်သွားဖွယ်ရှိတယ်လို့ ယူအေအီးရေးရာကျွမ်းကျင်သူ သုံးသပ်

သီးခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့ အပြစ်ရှိကြောင်း စီရင်ချက်ကြောင့် အရှက်ရ၊ သိက္ခာကျသွားတဲ့ မန်စီးတီးအသင်းပိုင်ရှင်တွေက ကလပ်အသင်းကို ရောင်းထုတ်သွားဖွယ်ရှိတယ်လို့ ယူအေအီးဆိုင်ရာကျွမ်းကျင်သူတစ်ဦးရဲ့အဆိုအရ သိရပါတယ်။

ကိုးနှစ်တာကာလအတွင်း ဘဏ္ဍာရေးစည်းမျဉ်းအကြိမ်ကြိမ်ချိုးဖောက်မှုတွေအတွက် စွဲချက်အားလုံးမှာ မန်စီးတီးအသင်း အပြစ်ရှိတယ်ဆိုတဲ့ သီးခြားလွတ်လပ်တဲ့ ခုံသမာဓိအဖွဲ့ရဲ့စစ်ဆေးတွေ့ရှိမှုကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာပဲ ပရီးမီးယားလိဂ်က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ဒီစစ်ဆေးတွေ့ရှိချက်မှာ မန်စီးတီးက ဝင်ငွေဖောင်းပွစေဖို့နဲ့ ကုန်ကျစရိတ် ပေါင်သန်း ၉၀၀ ကျော်အထိ လျှော့ချပြသနိုင်ဖို့အတွက် စီးပွားရေးမိတ်ဖက်တွေနဲ့အတူ ဟန်ပြစာချုပ်တွေ စီစဉ်ချုပ်ဆိုခဲ့တဲ့ကိစ္စလည်း ပါဝင်ပါတယ်။

မန်စီးတီးက သူတို့မှာ အပြစ်မရှိဘူးလို့ဆိုကာ စီရင်ချက်နဲ့ပတ်သက်လို့ အယူခံဝင်ထားပေမဲ့ ကလပ်အသင်းအကြီးအကဲတွေရဲ့ အပြစ်မရှိဘူးဆိုတာ တင်ပြလာမယ့် အချက်အလက်အထောက်အထားတွေမှာ ငြင်းချက်ထုတ်ရမယ့် ကိစ္စတွေလည်း ပါဝင်လာနေပါတယ်။

မန်စီးတီးအတွက် ပြစ်ဒဏ် ဘာဖြစ်လာမလဲဆိုတာနဲ့ ပြိုင်ဘက်ကလပ်အသင်းတွေဆီ နစ်နာကြေး ဘယ်လောက်အထိ ပေးလျော်ရမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။

အီတီဟတ်လေကြောင်းလိုင်း (Etihad Airways)ရဲ့ ထုတ်ပြန်ချက်မှာတော့ ကော်မရှင်ရဲ့စစ်ဆေးတွေ့ရှိချက်တွေကြောင့် သူတို့ကို ထိခိုက်နစ်နာစေပြီး ဥပဒေကြောင်းအရ တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်ကာ ပရီးမီးယားလိဂ်ဆီ ဖိအားတွေ ပိုမိုပေးလာခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေပေမဲ့ သီးခြားလွတ်လပ်တဲ့ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ဆုံးဖြတ်ချက်အရ မန်စီးတီးပိုင်ရှင်တွေကို ဖယ်ရှားလိုက်ဖို့သာ တစ်ခုတည်းသော တရားမျှတတဲ့ပြစ်ဒဏ် ဖြစ်လိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ယုံကြည်နေပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လအတွင်း ဥက္ကဋ္ဌအယ်လ်မူဘာရက်ကိုယ်တိုင် မန်စီးတီးကိုရောင်းထုတ်ဖို့ မရည်ရွယ်ထားဘူးလို့ အခိုင်အမာပြောကြားထားခဲ့ပေမဲ့ အသင်းရဲ့အယူခံမအောင်မြင်ဘူးဆိုရင် အတင်းအကျပ်ဖယ်ရှားမှုမခံရမီ ပိုင်ရှင်ရှိတ်မန်ဆော်ကိုယ်တိုင် သူ့သဘောနဲ့သူ အရင်စွန့်ခွာသွားလိမ့်မယ်လို့ ယူအေအီးရေးရာကျွမ်းကျင်သူလည်းဖြစ်၊ Abu Dhabi: Oil & Beyond စာအုပ်ရေးသားသူလည်းဖြစ်တဲ့ ခရစ္စတိုဖာအမ်ဒေးဗစ်ဆန်က အခိုင်အမာပြောကြားခဲ့ပါတယ်။

"ဘောလုံးလောကအတွင်း မန်စီးတီးနဲ့ ဒီလုပ်ငန်းစုဆိုတာ အထွဋ်အထိပ်ရတနာတစ်ပါး ဖြစ်ပြီး ဒီလိုတန်ဖိုးရှိတဲ့အရာမျိုးကို အလွယ်တကူရောင်းထုတ်လေ့ မရှိပါဘူး" ဆိုတဲ့ ခါလ်ဒွန်ရဲ့ပြောဆိုချက်ကို ဒေးဗစ်ဆန်က သီခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့စီရင်ချက်ကြောင့် မန်စီးတီးအသင်းပိုင်ရှင်တွေ စိတ်သဘောထား ပြောင်းလဲသွားစေလိမ့်မယ်လို့ ထောက်ပြတုံ့ပြန်ခဲ့ပါတယ်။

The Athletic နဲ့တွေ့ဆုံချိန် ဒေးဗစ်ဆန်က "ဒီကိစ္စကို သေချာသုံးသပ်နားလည်ဖို့ အချိန် အနည်းငယ်ရရှိသွားတာနဲ့ သူတို့ဘက်က အပြီးအပိုင်လက်ရှောင်ထွက်ခွာသွားကြလိမ့်မယ်လို့ ကျွန်တော် ခံစားမိပါတယ်" လို့ ပြောပါတယ်။

"အဓိကအားဖြင့်တော့ ဒါကို နိုင်ငံရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာရှုထောင့်မှတဆင့် မြင်တွေ့ရလိမ့်မယ်လို့ ထင်ပါတယ်။ အဘူဒါဘီရဲ့အုပ်ချုပ်သူတော်ဝင်မိသားစုအတွက် ဒီစီရင်ချက်ကြောင့် သူတို့ရဲ့ဂုဏ်သိက္ခာ ထိခိုက်ပြီး အရှက်ရခဲ့တယ်လို့ ခံစားကြပါလိမ့်မယ်။ နောက်ပြီး အင်္ဂလန်မှာ သူတို့ရဲ့ကလပ်အသင်းပိုင်ဆိုင်မှုက ထာ၀စဉ်အမည်းစက်ထင်ကျန်နေမယ့် နာတာရှည်ပြဿနာတစ်ခုအဖြစ် ဆက်လက်ထားရှိမယ့်အစား ဆုံးရှုံးမှုတွေကို ဖြတ်တောက်ကာ အခုပဲရောင်းထုတ်လိုက်မယ်ဆိုရင် ရှေ့ဆက်ဖို့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်လာပါလိမ့်မယ်"

"သူတို့အတွက် ဆက်လက်ရပ်တည်သွားနိုင်မယ့် ဘယ်လိုအခြေအနေမျိုးကိုမှ ကျွန်တော်မမြင်မိပါဘူး" လို့ ဆိုပါတယ်။