အပြီးသတ်တွေ့ရှိချက်တွေနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ မန်စီးတီးရဲ့စပွန်ဆာကုမ္ပဏီ အီတီဟတ်
အဘူဒါဘီအခြေစိုက် အီတီဟတ်လေကြောင်းလိုင်းကုမ္ပဏီ (Etihad Airways) က မန်စီးတီးအပေါ် သီးခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေနဲ့ပတ်သက်လို့ ပရီးမီးယားလိဂ်ရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်ခဲ့သလို လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေအတွက် ဥပဒေရေးရာအကြံဉာဏ် ရယူနေတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
ဆယ်စုနှစ်တစ်ခုနီးပါးကြာကာလအတွင်း ဝင်ငွေတွေ ဖောင်းပွစေဖို့နဲ့ ကုန်ကျစရိတ်တွေကို ပေါင်သန်း ၉၀၀ (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ ဘီလီယံ)ကျော်အထိ လျှော့ချပြသနိုင်ဖို့အတွက် ဟန်ပြစီးပွားရေးစာချုပ်တွေကို မန်စီးတီး အသုံးပြုခဲ့တယ်လို့ ပရီးမီးယားလိဂ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
၂၀၀၉ ခုနှစ်ကတည်းက မန်စီးတီးရဲ့အဓိကစပွန်ဆာဖြစ်ခဲ့တဲ့ အီတီဟတ်က မသင့်လျော်တဲ့ စီးပွားရေးဆိုင်ရာ အစီအစဉ်တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ "ဘယ်လို စစ်ဆေးတွေ့ရှိချက်၊ ကောက်ချက် ဒါမှမဟုတ် အရိပ်အမြွက်ပြောဆိုချက်မျိုးကိုမဆို ပြတ်ပြတ်သားသား ငြင်းပယ်တယ်" လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီလေကြောင်းလိုင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ကော်မရှင်လုပ်ငန်းစဉ်အတွင်း ပရီးမီးယားလိဂ်အနေဖြင့် ကုမ္ပဏီဆီ ဆက်သွယ်ခြင်း သို့မဟုတ် တိုင်ပင်ဆွေးနွေးခြင်း လုံး၀မရှိခဲ့သလို ကုမ္ပဏီအပေါ် မလိုလားအပ်တဲ့ ထိခိုက်မှုတွေ ဖြစ်ပေါ်စေနိုင်မယ့် အချက်အလက်တွေ တင်ပြခွင့် သို့မဟုတ် ပြန်လည်ချေပခွင့်မျိုးလည်း မပေးခဲ့ဘူးလို့ ဖော်ပြခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ "ဒီကိစ္စကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့တဲ့ ပုံစံနဲ့ပတ်သက်လို့ အီတီဟတ်က အလွန်စိုးရိမ်ပူပန်မိပါတယ်။ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်မှာ လေကြောင်းလိုင်းရဲ့အမည်ကို တရားဝင်ထည့်သွင်းဖော်ပြထားခြင်း မရှိပေမဲ့ ရှင်းလင်းပြတ်သားမှုနဲ့ ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်း၊ အချက်အလက်တွေကို မိမိတို့ စိတ်ကြိုက်ရွေးချယ်ထုတ်ဖော်ခြင်းတွေကြောင့် အီတီဟတ်အတွက် ထိခိုက်နစ်နာစေမယ့် ရိုက်ခတ်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်" လို့ ဖော်ပြထားပါတယ်။
မန်စီးတီးကတော့ အမှားအယွင်း တစုံတရာပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပြီး အယူခံဝင်သွားဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
အီတီဟတ်ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးသွားမှာ မဟုတ်ဘူးလို့ ပရီးမီးယားလိဂ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
သတင်းအချက်အလက်တွေကို ရွေးချယ်ပေါက်ကြားစေမှုနဲ့ သတင်းဖော်ပြချက်တွေ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ဆေးတွေ့ရှိချက်တွေကို ပရီးမီးယားလိဂ်ရဲ့ လူသိရှင်ကြားထုတ်ပြန်ခဲ့တဲ့ လုပ်ရပ်ကြောင့် သူတို့ရဲ့ဂုဏ်သတင်းလည်း ထိခိုက်ခဲ့တယ်လို့ အီတီဟတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
မန်စီးတီးအပေါ်ထောက်ခံမှုအပြင် ကလပ်အသင်းနဲ့ကာလရှည်လက်တွဲဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုရင်း မိမိတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေအပေါ် ဥပဒေရေးရာအကြံဉာဏ်ရယူနေတယ်လို့ ဒီလေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။
"မန်စီးတီးရရှိထားတဲ့ လုပ်ငန်းစဉ်တွေမှတဆင့် ကော်မရှင်ရဲ့ကောက်ချက်တွေကို ပြန်လည်ရင်ဆိုင်စိန်ခေါ်သွားချိန် ကျွန်တော်တို့က ကလပ်အသင်း၊ ပရိသတ်တွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ အီတီဟတ်အသိုက်အဝန်းနဲ့အတူ ရပ်တည်ပေးနေပါတယ်" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။