မာယော့ကာတိုက်စစ်မှူးမူရီကွီကို ခေါ်ယူဖို့ ဖီနာဘာချီ ပြင်ဆင်လာ
ဖီနာဘာချီအသင်းက မာယော့ကာတိုက်စစ်မှူးမူရီကွီကို ခေါ်ယူဖို့ အလွန်နီးစပ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။
အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ မာယော့ကာအသင်းအတွက် လာလီဂါ ၃၇ ပွဲ ကစား၊ ၂၃ ဂိုး သွင်းယူပေးခဲ့ပြီး ကစားသမားဘဝတစ်လျှောက် သွင်းဂိုးအများဆုံးဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။
အခုလို မူရီကွီရဲ့စွမ်းဆောင်ရည်ကောင်းတွေ ရှိခဲ့ပေမဲ့လည်း မာယော့ကာက အမှတ်ပေးဇယားအဆင့်-၁၈ နေရာနဲ့အတူ ရာသီကုန်မှာ တန်းဆင်းခဲ့ရလို့ လာမယ့်ရာသီသစ်အတွက် ဆီဂန်ဒါပြိုင်ပွဲအတွက်သာ အာရုံစိုက်ပြင်ဆင်သွားရပါတော့မယ်။
သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ ကိုဆိုဗိုလက်ရွေးစင်တိုက်စစ်မှူးက ပြောင်းရွှေ့ကြေးယူရို ၁၅ သန်းဖြင့် ဖီနာဘာချီအသင်းဆီ ပူးပေါင်းသွားတော့မယ်လို့ သိရပါတယ်။
ဒါက မူရီကွီအတွက် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ၊ ၃၆ ပွဲကစား၊ ၁၇ ဂိုးသွင်းယူပေးခဲ့ဖူးတဲ့ တူရကီကလပ်အသင်းကြီးဆီ ဒုတိယအကြိမ်ပြန်လည်ပူးပေါင်းမှု ဖြစ်လာပါလိမ့်မယ်။