ဘာစီလိုနာအပေါ် အသရေဖျက်ပြောဆိုမှုကြောင့် တရားရုံးရှေ့မှောက် ဆင့်ခေါ်ခံထားရတဲ့ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ်
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌဖလော်ရင်တီနိုပီရက်ဇ်ကို ရာဇဝတ်ကြောင်းအရ အသရေဖျက်မှုဖြင့် တရားစွဲဆိုမှုမတိုင်ခင် ကြားဝင်စေ့စပ်ညှိနှိုင်းရေးကြားနာမှုတစ်ခု ပြုလုပ်ဖို့အတွက် ပီရက်ဇ်နဲ့ ဘာစီလိုနာအသင်းတို့ကို နိုဝင်ဘာ ၂၅ ရက်မှာ မက်ဒရစ်မြို့အခြေစိုက်တရားရုံးဆီ လာရောက်ကြဖို့ ဆင့်ခေါ်ထားတယ်လို့ ဒီအမှုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီမှ တနင်္လာမှာ သိရပါတယ်။
ဒိုင်လူကြီးတွေဆီမှ မျက်နှာသာပေးဘက်လိုက်မှုရရှိအောင် ဘာစီလိုနာအသင်း ကြိုးကိုင်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပီရက်ဇ်ရဲ့ မေလအတွင်း စွပ်စွဲပြောဆိုချက်အပေါ် မူတည်ကာ အခုလိုကြားနာမှု ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဘာစီလိုနာဘက်ကတော့ ပီရက်ဇ်ရဲ့စွပ်စွဲပြောဆိုချက်တွေကို ဥပဒေကြောင်းအရ တုံ့ပြန်ဖို့ ဇွန် ၁၂ ရက်မှာ စတင်ပြင်ဆင်လာခဲ့ပါတယ်။
အခုလိုဥပဒေကြောင်းအရကြိုးပမ်းမှုနဲ့ပတ်သက်လို့ ဘာစီလိုနာကတော့ ကလပ်အသင်းရဲ့ ပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အသရေဖျက်ကာ တမင်တကာမဟုတ်မမှန်လုပ်ကြံပြောဆိုထားတဲ့ စကားတွေကို ပီရက်ဇ်ကိုယ်တိုင် ပြန်လည်ရုပ်သိမ်းစေရေး ဖိအားပေးရန် ရည်ရွယ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တကယ်လို့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ် မအောင်မြင်ဘူးဆိုရင် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက် တင်သွင်းသွားမယ်လို့လည်း ဘာစီလိုနာဘက်က သတိပေးခဲ့ပါတယ်။
ဒီအငြင်းပွားမှုက နာမည်ကျော်နီဂရဲရား (Negreira) အမှုနဲ့ စပ်လျဉ်းပြီး မေ ၁၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပီရက်ဇ်ပြောကြားခဲ့တဲ့ မှတ်ချက်တွေအပေါ် အဓိကအခြေခံထားပါတယ်။
စပိန်တရားရုံးတော်တွေက ပြိုင်ဘက်တွေအပေါ် ဘာစီလိုနာအသင်း အသာစီးရရှိစေဖို့ ရည်ရွယ်ခဲ့သလားဆိုတာ ဆုံးဖြတ်နိုင်ဖို့အတွက် စပိန်ဒိုင်လူကြီးကော်မတီဒုဥက္ကဋ္ဌဟောင်း ဟိုဆေးမာရီယာအင်းနရစ်ဇ်နီဂရဲရားနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေဆီ ဆယ်စုနှစ်နှစ်ခုနီးပါးကြားကာလအတွင်း ယူရိုခုနစ်သန်းအထိ ဘာစီလိုနာအသင်းပေးချေခဲ့တယ်ဆိုတဲ့ ငွေးပေးငွေယူရှင်းတမ်းတွေကို စုံစမ်းစစ်ဆေးနေပါတယ်။
ဘာစီလိုနာကတော့ အမှားအယွင်း လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားသလို ဒီပေးချေမှုတွေဆိုတာ ဒိုင်လူကြီးဆိုင်ရာအစီရင်ခံစာတွေအတွက်သာ ရည်ရွယ်ထားတယ်လို့ ပြောကြားပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း တရားရုံးတစ်ခုက လာဘ်ပေးလာဘ်ယူမှုနဲ့စပ်လျဉ်းတဲ့ ဘာစီလိုနာအပေါ်စွဲချက်တွေကို ပလပ်ခဲ့ပါတယ်။
ပီရက်ဇ်က ဒီကိစ္စကို "ဘောလုံးလောကရဲ့ အဆိုးရွားဆုံးအကျင့်ပျက်ခြစားမှု" အဖြစ် ဖော်ပြခဲ့ပြီး "ဒိုင်လူကြီးအကြီးအကဲဆီ ဘာစီလိုနာ ငွေကြေးပေးအပ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် သူက ရီးရဲလ်မက်ဒရစ်ရဲ့လိဂ်ချန်ပီယံဆုတွေ မတရားသိမ်းပိုက်ခံလိုက်ရတယ်လို့ စွပ်စွဲခဲ့ပြီး " ကျွန်တော်တို့ အမှတ်ပေးချန်ပီယံဖလား ခုနစ်ကြိမ် ရယူခဲ့ဖူးပါတယ်။ အမှန်တော့ အဲ့ဒီပမာဏထက် နှစ်ဆလောက် ပိုရနိုင်ခဲ့တာပါ။ ကျန်တဲ့ဆုဖလားတွေကိုတော့ ကျွန်တော်တို့ဆီမှ လုယူသွားခဲ့ကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။