မန်စီးတီးဆီ အက်ဖ်အေဖလား လက်လွှတ်ခဲ့ရပြီးနောက် မတရားသလို ခံစားလိုက်ရတယ်လို့ ဖွင့်ဟလာတဲ့ ပရီးမီးယားလိဂ်နည်းပြဟောင်း
ပရီးမီးယားလိဂ်နည်းပြဟောင်းတိုနီပူးလစ်က အခုသီတင်းပတ်အတွင်းမှာပဲ မန်စီးတီးစွဲချက်တင်ခံထားရတဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။
လွန်ခဲ့တဲ့သုံးနှစ်ကျော်ကာလ၊ မန်စီးတီးအသင်းအပေါ် ပရီးမီးယားလိဂ်စွဲဆိုထားတဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုမှာ အပြစ်ရှိတယ်ဆိုတဲ့ သတင်းတွေ အခုသီတင်းပတ်အတွင်း ထွက်ပေါ်လာခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဘက်ကတော့ ဒီဆုံးဖြတ်ချက်ကို လူသိရှင်ကြား အတည်မပြုသေးသလို မန်စီးတီးကလည်း ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အယူခံဝင်သွားမယ်လို့ အတည်ပြုထားပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့် ပြစ်ဒဏ်အဖြစ် ဒဏ်ငွေချမှတ်ခံရတာ၊ ဆုဖလားတွေ ရုပ်သိမ်းခံရတာ သို့မဟုတ် ပရီးမီးယားလိဂ်မှ ထုတ်ပယ်ခံရတာမျိုးအထိ ကြုံတွေ့ရနိုင်ပါတယ်။
၂၀၁၁ ခုနှစ်၊ စတုတ်စီးတီးအသင်းနဲ့အတူ အက်ဖ်အေဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ တိုနီပူးလစ်ကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ နောက်ဆုံးထုတ်ဖော်ပြောကြားသူ ဖြစ်လာပြီး သူနဲ့ သူ့အသင်းအတွက် ကလပ်အသင်းသမိုင်းတလျှောက် မေ့မရနိုင်စရာ အခိုက်အတန့်ကို လုယူခံလိုက်ရတယ်လို့ ခံစားနေပါတယ်။
"ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုရှုံးနိမ့်ခဲ့တယ်ဆိုတာ ပရီးမီးယားလိဂ်မှ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုပြီး အပြစ်ရှိကြောင်း တွေ့ရှိထားတဲ့ အသင်းကိုပဲ ဖြစ်ပါတယ်" လို့ ပူးလစ်က ဘီဘီစီရဲ့ဆောင်းပါးတစ်ခုမှာ ရေးသားဖော်ပြခဲ့ပါတယ်။
"အဲဒီလိုလုပ်ဆောင်ခြင်းအားဖြင့် သူတို့က စတုတ်စီးတီးကို အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ယူခဲ့ရုံတင်မက ဆုဖလားတွေကို တသီတတန်းကြီး သိမ်းပိုက်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ အင်္ဂလိပ်ဘောလုံးလောကကို အလုံးစုံစိုးမိုးသွားခဲ့ပါတယ်။ ဒါကြောင့် အဲဒီစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုအတွက် ဘယ်လို ပြစ်ဒဏ်မျိုး ကျခံရမှာလဲ?"
"စတုတ်စီးတီးပရိသတ်တွေအားလုံးကတော့ မန်စီးတီးဆီမှ ဖလားကိုပြန်လွှဲပေးဖို့ တောင်းဆိုကြမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ သူတို့ရဲ့လုပ်ရပ်တွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ကလပ်အသင်းတိုင်းကလည်း ဥပဒေကြောင်းအရ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေကြပါလိမ့်မယ်" လို့ ဆက်လက်ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ပူးလစ်ကတော့ လက်တွေ့မကျတဲ့ ပြစ်ဒဏ်ဖြစ်နေလို့ စတုတ်စီးတီးဆီ ဆုဖလား ပြန်လည်လွှဲပြောင်းပေးလိမ့်မယ်ဆိုတဲ့အချက်အပေါ် မယုံကြည်ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
"မန်စီးတီးက ကျွန်တော့်ဆီ ဒါမှမဟုတ် ကလပ်အသင်းဆီ ဖုန်းဆက်ပြီး ၂၀၁၁ အက်ဖ်အေဖလားနဲ့ သူတို့ကစားသမားတွေ ရရှိခဲ့တဲ့ ချန်ပီယံရွှေတံဆိပ်တွေကို ပြန်ပေးမယ်လို့တော့ ကျွန်တော် မမျှော်လင့်ပါဘူး"
"တခြားဆုဖလားတွေနဲ့ ဆုတံဆိပ်တွေကို ပြန်လွှဲပေးလိမ့်မယ်လို့လည်း ကျွန်တော် တကယ်ပဲ မယုံကြည်ပါဘူး။ အမှတ်လျှော့ခံရတာနဲ့ ဒဏ်ငွေ အမြောက်အမြားပေးဆောင်ရတာမျိုးပဲ ဖြစ်လာဖို့ ပိုများပါတယ်။"
"ဒါပေမဲ့ ကျွန်တော် မတော်မတရားခံလိုက်ရတယ်လို့တော့ ခံစားနေရဆဲပါပဲ။ ရှေ့ဆက်ပြီး ဘာတွေပဲဖြစ်လာပါစေ၊ ကျွန်တော်တို့ ရိုးရိုးသားသား ကြိုးစားတိုက်ပွဲဝင်ခဲ့တဲ့ ဖလားတွေ၊ ဆုတံဆိပ်တွေနဲ့အတူ စတုတ်အွန်ထရန့်မြို့အနှံ့ အောင်ပွဲခံခွင့်ရမယ့် အခွင့်အရေးနဲ့ အဲဒီနေ့ရက်ကို ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။ စည်းမျဉ်းတွေ ချိုးဖောက်ပြီးနောက် မန်စီးတီးကသာ အဲ့ဒီလိုအောင်ပွဲခံခွင့် ရရှိသွားခဲ့တာပါ" လို့ ပူးလစ်က ဆက်ပြောပါတယ်။
အကယ်၍ ဆုဖလားတွေသာ ပြန်လည်ရုပ်သိမ်းမယ်ဆိုရင် မန်စီးတီးအတွက် ပရီးမီးယားလိဂ်ဆုဖလားသုံးလုံးပါ ဆုံးရှုံးသွားရနိုင်ပါတယ်။ အဆိုပါကာလတွေအတွင်း ဒုတိယနေရာနဲ့သာ ကျေနပ်လိုက်ရတဲ့ ရီယိုဖာဒီနန်၊ ဟိုဆေးအင်းနရစ်နဲ့ ဒေးဗစ်ဒီဂီယာတို့ကတော့ ချန်ပီယံဆုတွေ ပြန်လည်လွှဲပြောင်းဖို့ အသီးသီးထုတ်ဖော်ပြောဆိုလာကြပါတယ်။