နည်းပြသစ်ကို တရားဝင်ခန့်အပ်ကြေညာလိုက်တဲ့ မိုချန်ဂလာဘတ်
မိုချန်ဂလာဘတ်ရဲ့ နည်းပြသစ်အဖြစ် ဘလက်ဆင်ကို တရားဝင်အတည်ပြုခန့်အပ်လိုက်ပါပြီ။
စိန့်ပေါ်လီနည်းပြဟောင်းက ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အခုလအစောပိုင်း၊ ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ ပိုလန်စကီးရဲ့နေရာကို အစားထိုးဝင်ရောက်လာပါလိမ့်မယ်။
ဘလက်ဆင်ကို ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်း၊ ဘိုရူရှားကွင်းမှာ ပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲအတွင်း တရားဝင်မိတ်ဆက်သွားဖို့ရှိပြီး မိုချန်ဂလာဘတ်အသင်းအားကစားဒါရိုက်တာ ရူဗန်ရှရိုဒါလည်း တက်ရောက်သွားမယ်လို့ သိရပါတယ်။
အသက် ၅၃ နှစ်အရွယ်နည်းပြက လိုက်ပ်ဇစ်မှာ လူငယ်နည်းပြတစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးသလို KV Oostende၊ ဂျီနိုအာ၊ ယူနီယံစိန့်ဂီလွိုက်စ်နဲ့ စိန့်ပေါ်လီတို့မှာ နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
ယမန်နှစ်ဘောလုံးရာသီ၊ ဘွန်ဒက်စ်လီဂါမှ စိန့်ပေါ်လီအသင်း တန်းဆင်းသွားပြီးနောက် သူက ရာထူးမှနုတ်ထွက်လာခဲ့ပါတယ်။
လတ်တလောမှာ ဘလက်ဆင်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ၊ လိဂ်လေးပွဲကစားပြီးချိန် အမှတ်လုံး၀မရရှိသေးတဲ့ မိုချန်ဂလာဘတ်ရဲ့အခြေအနေကို ပြန်လည်ဦးမော့လာစေဖို့ ကြိုးပမ်းသွားရပါတော့မယ်။