ဂျီရော့ဒ်ရဲ့နေရာမှာအစားထိုးဖို့ မိုဂလက်ဘတ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဟားရစ်တာဘာကိုဗစ်ကို လိုင်လီပစ်မှတ်ထား
အသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူး ဟားရစ်တာဘာကိုဗစ်ကို ပြင်သစ်လီဂူးဝမ်းကလပ် လိုင်လီအသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဘော့စနီးယားသတင်းစာ 'Sport Sport' ရဲ့ ဖော်ပြချက်အရ တာဘာကိုဗစ်က လိုင်လီအသင်းအလိုရှိနေတဲ့ ကစားသမားစာရင်းရဲ့ ထိပ်ဆုံးနေရာမှာ ပါဝင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဟော်ဖန်ဟိမ်းမှ မိုချန်ဂလာဘတ်ဆီ အငှားဖြင့်လာရောက်ကစားနေတဲ့တိုက်စစ်မှူးကို ဂျီရော့ဒ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်လာနိုင်သူအဖြစ် ရှုမြင်ထားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
အသက် ၃၉ နှစ်အရွယ်ဂျီရော့ဒ်က သူ့ရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်တွေဆီ ရောက်ရှိနေပြီဖြစ်သလို အနာဂတ်လည်း မရေမရာဖြစ်နေတာကြောင့် လိုင်လီအသင်းရဲ့ရှေ့ဆက်မယ့်အစီအစဉ်တွေမှာ ပါဝင်လာဖို့ သံသယရှိစရာ ဖြစ်နေပါတယ်။
ဂျီရော့ဒ်ကိုယ်တိုင်လည်း လိုင်လီအသင်းမှာပဲ ဆက်ကစားမလား ဒါမှမဟုတ် ဘောလုံးလောကမှ လုံးဝအနားယူသွားမလားဆိုတာကိုတော့ အခုထိ တရားဝင်မဆုံးဖြတ်ရသေးပါဘူး။
တာဘာကိုဗစ်က ဂျီရော့ဒ်လိုပဲ ဘောလုံးကိုင်ကစားနိုင်စွမ်းရှိတဲ့ ဗဟိုတိုက်စစ်မှူးတစ်ဦးဖြစ်သလို အတွေ့အကြုံလည်း များပြားလို့ ဂျီရော့ဒ်ရဲ့နေရာမှာ အစားထိုးဖို့ဆိုရင် သင့်တော်လွန်းပါတယ်။
ဒီအသက် ၃၁ နှစ်အရွယ်တိုက်စစ်မှူးက ဘာလင်၊ ဟော်ဖန်ဟိမ်းနဲ့ မိုချန်ဂလာဘတ်အသင်းတွေမှာ ကစားခဲ့ချိန် သူ့ရဲ့ဂိုးသွင်းစွမ်းရည် ဘယ်လောက်ရှိသလဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။
အခုဘောလုံးရာသီမှာလည်း တန်းဆင်းဇုန်အတွင်း ရုန်းကန်နေရတဲ့ မိုချန်ဂလာဘတ်အတွက် သူက ၁၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။
နာမည်ကျော် BILD သတင်းစာနဲ့ အင်တာဗျူးမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ တာဘာကိုဗစ်က "လက်ရှိမှာတော့ ဘာဆွေးနွေးမှုမှ မရှိသေးပါဘူး။ ဆွေးနွေးမှုတွေမရှိလို့လည်း ကျွန်တော် သိပ်ပြီး စိုးရိမ်မနေပါဘူး။ ဟော်ဖန်ဟိမ်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ပါသေးတယ်" လို့ ခပ်အေးအေးပဲ ဖြေကြားသွားခဲ့ပါတယ်။