The network connection is lost.

Banner Image

ယာဂန်ကလော့ပ်ကို အလေးထားအတုယူစောင့်ကြည့်ဖြစ်တယ်လို့ ဝန်ခံလိုက်တဲ့ ဖာနန်ဒိုတောရက်စ်

ဖာနန်ဒိုတောရက်စ်က ထိပ်တန်းအသင်းကြီးတွေကို ကိုင်တွယ်ခွင့်ရမယ့် အနာဂတ်နည်းပြဘဝမျှော်လင့်ချက်တွေနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။
 
စပိန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းက ၂၀၂၁ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ် လူငယ်အကယ်ဒမီကို စတင်ကိုင်တွယ်ရင်း သူ့ရဲ့နည်းပြခရီးလမ်းကို စတင်ခဲ့သလို ၂၀၂၄ ခုနှစ်မှာတော့ အက်သလက်တီကို(B) အသင်းကို တာဝန်ယူခဲ့ပါတယ်။
 
နှစ်ရာသီကြာ အကောင်းဆုံးတာဝန်ယူကိုင်တွယ်ပြီးနောက် တောရက်စ်က နွေရာသီမှာ အခြားအသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ မက်ဒရစ်မြေမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
 
သူ့ကို အက်သလက်တီကိုမက်ဒရစ်စီနီယာအသင်းကြီးမှာ ဒီယေဂိုဆီမြွန်နီရဲ့နေရာအတွက် ရေရှည်ဆက်ခံမယ့်သူ သို့မဟုတ် ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာမယ့်သူ အဖြစ် ခန့်မှန်းပြောဆိုမှုတွေလည်း ရှိထားပါတယ်။
 
Marca နဲ့ အင်တာဗျူးမှာတော့ တောရက်စ်က သူ့အပေါ်လွှမ်းမိုးမှုရှိခဲ့တဲ့ နည်းပြတွေအကြောင်းကို ပြောပြခဲ့ပြီး လီဗာပူးနည်းပြဟောင်းယာဂန်ကလော့ပ်ကို သူ့ရဲ့နည်းပြခရီးလမ်းအတွက် အဓိကကျတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ သီးသန့်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
 
"ကျွန်တော် အတူတွဲလုပ်ခဲ့ဖူးတဲ့ နည်းပြအားလုံးဆီမှ သင်ယူခဲ့ဖူးပေမဲ့ နည်းပြတစ်ဦးဖြစ်လာဖို့ အာရုံစိုက်လိုက်ချိန် ကျွန်တော့်စိတ်ထဲတကယ်ပဲစွဲထင်ကျန်ရစ်စေခဲ့သူကတော့ ယာဂန်ကလော့ပ်ပါပဲ" လို့ တောရက်စ်က ပြောပါတယ်။
 
"သူ့ရဲ့နောက်ဆုံးဘောလုံးမှာ လီဗာပူးဆီ ဖိတ်ခေါ်ခဲ့လို့ သူ့ရဲ့အလုပ်လုပ်ပုံတွေကို တစ်ပတ်လောက် အနီးကပ်မြင်တွေ့ခွင့်ရခဲ့တာ တကယ် ကံကောင်းခဲ့ပါတယ်။ သူ့ရဲ့အသင်းတွေမှာ မြင်တွေ့ရတဲ့ သွက်လက်တက်ကြွမှု၊ တိုက်စစ်တိုက်ရိုက်ကစားဟန်၊ ဖိအားပေးပုံ၊ ပြင်းထန်တဲ့ ကစားအားနဲ့ လူတိုင်း သူ့ရဲ့အယူအဆနဲ့ ဘယ်လိုချိတ်ဆက်မိနေကြလဲဆိုတာတွေပေါ့။ အထူးသဖြင့် ကျွန်တော်အရမ်းသဘောကျတဲ့ အင်္ဂလန်မှာ အပြန်အလှန် အပြိုင်အဆိုင် ကစားကြတဲ့ ဘောလုံးပုံစံမျိုးပါ"
 
"အဝတ်လဲခန်းထဲမှာ သူ့ရဲ့ဦးဆောင်မှုအပိုင်းလည်း ရှိပါသေးတယ်။ အသင်းလိုက် စကားပြောဆိုမှုတွေ၊ ဟိုတယ်မှာ အတူရှိနေခွင့်ရတာနဲ့ ပွဲထွက်လူစာရင်းကြေညာချိန်တွေမှာ ကျွန်တော် ရှိနေခွင့်ရခဲ့ပြီး နည်းပြနဲ့ ကစားသမားတွေအကြား အပြန်အလှန်လေးစားမှုတွေ၊ နည်းပြရဲ့အယူအဆတစ်ခုကို ကစားသမားတွေကိုယ်တိုင် အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ပြီး ဘယ်လိုမျိုး အပြည့်အဝလက်ခံကျင့်သုံးကြသလဲဆိုတာကို တွေ့မြင်ခဲ့ရတာ တကယ် ကံကောင်းခဲ့ပါတယ်"
 
"အဲဒီမှာ ကျွန်တော်အကြာကြီးမနေခဲ့ရပေမဲ့ ကိုယ့်အသင်းအတွက် ဖြစ်စေချင်တဲ့ ပုံရိပ်ဆိုတာ လေ့ကျင့်ရေးကွင်းမှလာတယ်ဆိုတာ သူ့ကိုကြည့်ရင်း ကျွန်တော် သဘောပေါက်လာပါတယ်။ လေ့ကျင့်ရေးကွင်းမှာရော၊ ပွဲနေ့တွေမှာပါ ဒါကို မြင်တွေ့ခဲ့ရပြီး သူ့ရဲ့စရိုက်လက္ခဏာကို အလွန်အံ့အားသင့်ခဲ့ပါတယ်" လို့ ဆိုပါတယ်။