The network connection is lost.

Banner Image

ဘရိုက်တန်နဲ့ပွဲစဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဝန်ခံပြီး လူစားလဲလှယ်ဖို့ နောက်ကျခဲ့ရခြင်းအကြောင်းရင်းကို ရှင်းပြလိုက်တဲ့ အာတီတာ

ဘရိုက်တန်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပထမဆုံးလက်ပစ်ဘောပေးပို့ချိန်ကတည်းကပင် အာဆင်နယ်အသင်း ဒုက္ခရောက်တော့မယ်ဆိုတာ ကြိုတင်သိရှိနေခဲ့တယ်လို့ အာတီတာက ဝန်ခံပြောကြားခဲ့ပါတယ်။
 
ဂန်းနားတွေက အခုပွဲစဉ်မတိုင်ခင်အထိ ပြိုင်ပွဲစုံနောက်ဆုံးခုနစ်ပွဲဆက် အနိုင်ရရှိထားပြီး အလွန်ကောင်းမွန်တဲ့ ရာသီသစ်စတင်မှုကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ အေမက်ကွင်းမှာတော့ ဒီစံချိန်ကောင်း ရပ်တန့်သွားခဲ့ပါတယ်။

အခုပွဲစဉ်မှာ ဘရိုက်တန်က ဂရော့စ်နဲ့ ကော့စတိုလက်စ်တို့ရဲ့အဝေးကန်ချက်တွေမှတဆင့် သွင်းဂိုးတွေ ရရှိခဲ့သလို အန်ဒရီစ်ရဲ့အနီးကပ်လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်ချက်မှလည်း တတိယမြောက်ဂိုး ထပ်မံရရှိခဲ့ပါတယ်။

ဒါ့အပြင် ဂန်းနားတွေကိုယ်တိုင်လည်း ပွဲစတင်ချိန်ကတည်းက ရုန်းကန်ခဲ့ရပြီး ဘရိုက်တန်ရဲ့ဖိအားပေးကစားပုံကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် အာတီတာလည်း အခြေအနေတွေ အဆိုးရွားဆုံးဖြစ်လာတော့မယ်ဆိုတာ ချက်ချင်းသိလာခဲ့ပါတယ်။
 
"ပထမဆုံး လက်ပစ်ဘောပေးပို့မှုကတည်းကပါ" လို့ အာတီတာက ပြောပါတယ်။
 
"ဒါကို ခံစားရိပ်မိနိုင်ပါတယ်။ အရမ်း ရှင်းလင်းလွန်းပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ဖန်တီးမိခဲ့ကြပါတယ်"
 
"ကျွန်တော်တို့ ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် အဲဒီအခြေအနေမှ ရုန်းထွက်နိုင်ဖို့ လိုအပ်ပြီး ဒါက ဒီနေ့ပွဲစဉ်မှတဆင့် ကျွန်တော်တို့ ရယူသွားမယ့် အကြီးမားဆုံးသင်ခန်းစာတွေအနက် တစ်ခု ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
 
ပထမပိုင်းပွဲချိန်အတွင်း အသင်းအတွက် ဘာသက်ရောက်မှုမှ မဖန်တီးနိုင်ပေမဲ့လည်း အာတီတာကတော့ ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်မှုမပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
 
အန်ဒရီစ်ရဲ့ဂိုးသွင်းယူမှုအပြီး၊ ပွဲချိန်မိနစ် ၆၀ မှာ အာတီတာက မီရီနိုနဲ့ ဇူဘီမန်ဒီတို့ကို အသုံးပြုဖို့ ပြင်ဆင်လာပါတယ်။

ပထမပိုင်းပွဲချိန်အပြီး လူစားလဲလှယ်မှုတွေ ပြုလု်ပဖို့ စိတ်ကူးရှိခဲ့သလားလို့ မေးမြန်းရာမှာ အာတီတာက ဆန္ဒရှိခဲ့တယ်လို့ ဖြေကြားပါတယ်။

"ဒါပေမဲ့ ဒုတိယပိုင်းအတွက် ကျွန်တော်တို့ ပြောင်းလဲချင်တဲ့ အရာတွေနဲ့ဆိုရင် လူစားလဲလှယ်မှုပြုလုပ်ဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ ယုံကြည်ခဲ့လို့ အခုလိုဆုံးဖြတ်ခဲ့တာပါ" လို့ ဂန်းနားနည်းပြက ဆက်ပြောပါတယ်။
 
ဒါ့အပြင် အာတီတာက နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ဆင်နွှဲခဲ့တဲ့ အာဆင်နယ်ကစားသမား ၁၄ ဦးကို ရာသီအစ ရက်သတ္တပတ်တွေအတွင်း ထူးချွန်တဲ့ကြိုးစားအားထုတ်မှုတွေအတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဒါပေမဲ့ စပိန်လူမျိုးနည်းပြက သူ့အသင်းအတွက် ပုံမှန်စံနှုန်းထက် အများကြီးလျော့ကျသွားခဲ့ပြီးနောက် ဘရိုက်တန်ဆီမှ "ကြီးမားတဲ့ သင်ခန်းစာ" တစ်ခု ရရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
 
"ဘောလုံးလောကမှာ၊ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ကိုယ်တိုင်လုပ်ဆောင်ရမယ့် အခြေခံကျတဲ့ အချက်တချို့ ရှိပြီး ကျွန်တော်တို့က အဲဒီအချက်တွေနဲ့ အများကြီးဝေးကွာနေခဲ့ပါတယ်" လို့ အာတီတာက ပြောပါတယ်။
 
"ပထမအကြိမ် အချင်းချင်းယှဉ်လုမှုတွေ၊ second balls တွေ၊ အထူးသဖြင့် သူတို့ရဲ့ တိုက်ရိုက်ကစားဟန်တွေက ကျွန်တော်တို့ကို အလွန်ခက်ခဲတဲ့ အနေအထားဆီ ရောက်သွားစေခဲ့ပါတယ်"
 
"ဒါ့အပြင် ကျွန်တော်တို့ ဘောလုံးပြန်ရတဲ့ အချိန်တွေ၊ အထူးသဖြင့် ကိုယ့်ကွင်းဘက်ခြမ်းမှာ နည်းစနစ်ပိုင်းဆိုင်ရာအမှားအယွင်းတွေ အများကြီးလုပ်မိခဲ့သလို... တစ်ဦးချင်းလူကပ်ကစားရတဲ့အခြေအနေတွေမှတဆင့် လွတ်မြောက်အောင်ရုန်းထွက်ဖို့အတွက် လိုက်နာရမယ့် ကစားဟန်အခြေခံစည်းမျဉ်းတွေကိုလည်း အလေးမထားနိုင်ခဲ့ကြပါဘူး"
 
"ဒါက ကျွန်တော်တို့ကို အမြဲတမ်းအသာစီးမရဘဲ နောက်ဆုတ်နေခဲ့ရလို့ ပွဲကိုထိန်းချုပ်ဖို့ဆိုတာ အလွန်ခက်ခဲသွားစေပါတယ်"
 
"ကျွန်တော်တို့ ပွဲကို စိုးမိုးထိန်းချုပ်နိုင်တဲ့ အချိန်ပိုင်းတွေမှာ ပြိုင်ဘက်ရဲ့ခံစစ်ကို ဖွင့်ထုတ်နိုင်ခဲ့ပေမဲ့ လုပ်မိခဲ့တဲ့ အခြားအမှားတွေကို ပြန်လည်ကာမိစေမယ့် လိုအပ်တဲ့ အရည်အသွေးမျိုးနဲ့ အဆုံးသတ်နိုင်ခြင်း မရှိခဲ့ပါဘူး"
 
"နောက်ဆုံးမှာတော့ ဘရိုက်တန်က ပွဲစဉ်ကို အနိုင်ရဖို့ ထိုက်တန်ခဲ့ပြီး ဒါ ကျွန်တော်တို့အတွက် ကြီးမားတဲ့ သင်ခန်းစာတစ်ခု ဖြစ်လာပါတယ်" လို့ ဆိုပါတယ်။