မန်ချက်စတာဒါဘီမှာ ကစားသမားတစ်ဦးလျော့ဖြင့် နိုင်ပွဲရရှိခဲ့တဲ့ မန်စီးတီး
မန်ချက်စတာယူနိုက်တက် ဝ-၁ မန်စီးတီး (ပွဲပြီးရလဒ်)
အခုအိုးထရက်ဖို့ဒ်ကွင်းမန်ချက်စတာဒါဘီရဲ့ ပထမပိုင်းပွဲချိန်ထက်ဝက်ခန့်မှာပဲ မန်စီးတီးကွင်းလယ်လူဖိုဒန် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရလို့ အိမ်ရှင်သရဲနီတို့ ပွဲချိန်တစ်နာရီကျော်ကြာ ကစားသမားတစ်ဦးအသာဖြင့် ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ အခုပွဲစဉ်အတွက် တစ်လုံးတည်းသော အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ မန်စီးတီးကသာ ရရှိခဲ့ပြီး ပွဲချိန်မိနစ် ၆၀ မှာ ဟာလန်းက သွင်းယူပေးခဲ့ပါတယ်။ တဖက်မှာလည်း ယူနိုက်တက်က အိမ်ကွင်းမှာ မြို့ခံပြိုင်ဘက်ကို ဒူးမထောက်ရဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက ရာသီအဖွင့်လေးပွဲဆက် အနိုင်ရရှိမှုမှတ်တမ်းကောင်းကို ဆက်လက်ပိုင်ဆိုင်သွားပြီး တဖက်မှာတော့ ယူနိုက်တက်အတွက် ခက်ခဲတဲ့ရာသီသစ်စတင်မှု အဆုံးမသတ်နိုင်သေးလို့ ဖိအားတွေ များပြားလာခဲ့ပါတယ်။