မန်ချက်စတာယူနိုက်တက်မှာ ရှိနေတဲ့ မိုက်ကယ်ကာရစ်ရဲ့ရေရှည်အနာဂတ်အပေါ် မေးခွန်းထုတ်လိုက်တဲ့ ကာရေဂါ
ကာရေဂါက မိုက်ကယ်ကာရစ်ကို မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဖြစ် ရေရှည်အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်လိုက်ပါတယ်။
သရဲနီကစားသမားဟောင်းကြီးက ယာယီနည်းပြအဖြစ် တာဝန်ယူချိန်အတွင်း ယူနိုက်တက်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၃ ရရှိအောင် စွမ်းဆောင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဒါကြောင့် သိပ်မကြာခင်မှာပဲ သူ့ကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ကာရေဂါကတော့ ဥရောပရဲ့အကြီးမားကလပ်အသင်းတွေအနက် တစ်ခုဖြစ်တဲ့ ယူနိုက်တက်မှာ ကာရစ်ရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် မယုံကြည်သေးပါဘူး။
လီဗာပူးနောက်ခံလူဟောင်းက Daily Telegraph မှာရေးသားခဲ့တဲ့ သူ့ရဲ့ဆောင်းပါးမှာ အခြားဥရောပထိပ်သီးကလပ်အသင်းတွေသာဆိုရင် ကာရစ်ကို နည်းပြရာထူးအတွက် ထည့်သွင်းစဉ်းစားသွားဖို့ မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။
"လူအများစုအတွက်တော့ ကာရစ်ကို ၂၀၂၇ ခုနှစ်နွေရာသီမှာ ထိပ်တန်းနည်းပြတစ်ဦး မရောက်လာခင်အထိ အိုးလ်ထရက်ဖို့ဒ်ရဲ့သော့ချက်တွေ ခေတ္တထိန်းသိမ်းပေးထားရတဲ့ ယာယီဖြေရှင်းချက်တစ်ခုအဖြစ်သာ ရှိနေသေးတယ်လို့ မြင်နေကြပါတယ်။ ကာရစ်ကိုယ်တိုင်ကတော့ ဒီလို ရှုမြင်မှာမဟုတ်ပေမဲ့ ဒီလိုသတ်မှတ်ချက်တွေကို ဖျောက်ဖျက်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါလိမ့်မယ်" လို့ ကာရေဂါက ရေးသားခဲ့ပါတယ်။
ကာရစ်က အခုသီတင်းပတ်ပိတ်ရက်၊ အိုးထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက်မန်စီးတီးကို ဧည့်ခံရဖို့ရှိနေလို့ သူ့အတွက် အခက်ခဲဆုံးစမ်းသပ်မှုတစ်ခု ရှိလာပါတယ်။