ချဲလ်ဆီးရဲ့ခံစစ်ပိုင်းအားနည်းချက်တွေကို ဖြေရှင်းဖို့ဆိုတာ ဦးစားပေးရည်မှန်းချက်ဖြစ်တယ်လို့ အလွန်ဆို ဝန်ခံပြောဆို
ယမန်နေ့၊ အာဆင်နယ်ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ချဲလ်ဆီးနည်းပြဇာဘီအလွန်ဆိုက အသင်းရဲ့အားနည်းနေတဲ့ ခံစစ်ပိုင်းကို ပြင်ဆင်သွားဖို့ ဦးစားပေးရည်မှန်းထားတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။
ချဲလ်ဆီးက ပရီးမီးယားလိဂ်ရာသီအဖွင့်သုံးပွဲမှာ ရှစ်ဂိုးအထိ သွင်းယူထားနိုင်လို့ ဘရိုက်တန်နဲ့အတူ လိဂ်ရဲ့သွင်းဂိုးအများဆုံးတိုက်စစ်အင်အားစုကို ပိုင်ဆိုင်ထားပါတယ်။
တဖက်မှာလည်း ပြိုင်ဘက်တွေအတွက် ခုနစ်ဂိုးအထိ ခွင့်ပြုပေးထားရတဲ့ ခံစစ်ပိုင်းက ချဲလ်ဆီးအတွက် အားနည်းချက် ဖြစ်နေပြီး အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ပိုင်းကြောင့် ပရီးမီးယားလိဂ် ၁၉ ပွဲဆက် Clean Sheet ပျောက်ဆုံးမှုမှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ စပိန်လူမျိုးနည်းပြကိုတော့ အပြစ်တင်လို့ မရပါဘူး။
အာဆင်နယ်နဲ့ပွဲစဉ်မှာ အလွန်ဆိုရဲ့အသင်းက မော်ဂန်ရိုဂျာစ်ရဲ့ဦးဆောင်ဂိုးနဲ့အတူ အဖွင့်လှခဲ့ပေမဲ့ ပွဲဆီပြန်လာနိုင်မယ့် ပြိုင်ဘက်ရဲ့အခွင့်အလမ်းကိုတော့ ပိတ်ပင်ထားဖို့ မဖြစ်နိုင်ခဲ့ပါဘူး။
နောက်ဆုံးမှာတော့ ကိုင်ဟားဗက်ဇ်၊ အိုဒီဂတ်တို့ရဲ့သွင်းဂိုးတွေက အိမ်ရှင်တွေအတွက် အဖိုးတန်အနိုင်ရလဒ်ကို ဖန်တီးပေးခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အလွန်ဆိုက အခုဘောလုံးရာသီ၊ ပြိုင်ဘက်တိုင်းကို စိန်ခေါ်နိုင်ဖို့အတွက် အသင်းရဲ့ခံစစ်ပိုင်းအားနည်းချက်တွေကို မဖြစ်မနေ ပြင်ဆင်သွားရလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။
အလွန်ဆိုက "ကျွန်တော့်ရဲ့ပထမဦးစားပေးရည်မှန်းချက်ကတော့ ပွဲစဉ်တွေကို အနိုင်ရရှိဖို့ဖြစ်ပြီး အဲဒီအတွက် ဂိုးတွေအများကြီးမပေးလိုက်ရတဲ့အချိန်မျိုးမှာ အနိုင်ရရှိဖို့အတွက် ပိုမိုလွယ်ကူလေ့ ရှိပါတယ်။ ဒါကြောင့် ဒီအချက်ကို ကျွန်တော်တို့ သေချာပေါက် ဖြေရှင်းသွားရပါမယ်"
"ကျွန်တော်တို့တွေ ပိုမိုကောင်းမွန်အောင်၊ ပိုမိုကျစ်လျစ်အောင်၊ ပိုမိုထိရောက်အောင်နဲ့ ပိုမိုဟန်ချက်ညီလာအောင် လုပ်ဆောင်သွားချင်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်နိုင်ဖို့ အချိန်တော့ ယူသွားရပါလိမ့်မယ်" လို့ ပြောပါတယ်။