နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူပြီလို့ ဂါဘွန်အသင်းခေါင်းဆောင် အူဘာမီယန်း တရားဝင်ကြေညာ
ဂါဘွန်အသင်းခေါင်းဆောင်အူဘာမီယန်းက မော်ရိုကိုနိုင်ငံမှာကျင်းပခဲ့တဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲအပြီး အသင်းလူစာရင်းမှ ချန်လှပ်ခံရသလို အခုလိုဖယ်ထုတ်မှုကြောင့် အရှက်ခွဲခံရသလို ခံစားမိတယ်လို့ ပြောကြားရင်း နိုင်ငံ့လက်ရွေးစင်အသင်းမှ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။
ဂါဘွန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ကျရှုံးခဲ့မှုတွေအတွက် တာဝန်ယူရမယ်လို့ ဂါဘွန်အစိုးရရဲ့ ပြစ်တင်ဝေဖန်မှုလည်း ရှိခဲ့ဖူးပါတယ်။
"ကျွန်တော်က ဒဏ်ရာရရှိထားလျက်နဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့ပေမဲ့ သူတို့က ကျွန်တော့်ကို အရှက်ခွဲပြီး သိက္ခာချခဲ့ကြပါတယ်" လို့ အသက် ၃၁ နှစ်အရွယ် ကစားသမားက ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
"ဒါကတော့ သည်းခံနိုင်စွမ်းရဲ့နောက်ဆုံးအတိုင်းအတာဖြစ်လို့ ကျွန်တော် ဒီလောက်နဲ့ပဲ ရပ်တန့်လိုက်ချင်ပါတယ်" လို့ သူက ဆိုပါတယ်။
ဂါဘွန်အသင်းက အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ သုံးပွဲဆက်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသလို အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အိုင်ဗရီကို့စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက ဂါဘွန်သမ္မတဘရိုက်စ်ကလိုတဲလ်အိုလီဂီအင်ဂီးမားက "ဒါ ကျွန်တော်တို့ရဲ့အမျိုးသားရေးပုံရိပ်ကို အားနည်းသွားစေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အစိုးရက နည်းပြအဖွဲ့ဝင်တွေကို ထုတ်ပယ်ခဲ့ပြီးနောက် နောက်ထပ်သတိပေးချက်မရရှိမချင်း အသင်းကို ရပ်ဆိုင်းထားခဲ့သလို အူဘာမီယန်းနဲ့ အသက် ၃၈ နှစ်အရွယ် ဘရူနိုအီကူလီမန်ဂါတို့ကိုလည်း ဖယ်ရှားခဲ့ပါတယ်။
ဒီလိုဝါရင့်ကစားသမားကြီးတွေကို ဖယ်ရှားခဲ့မှုကြောင့် ဂါဘွန်ပရိသတ်တွေအကြား အမျက်ဒေါသထွက်မှု ပြင်းပြင်းထန်ထန်ပေါ်ပေါက်ခဲ့ပါတယ်။
ဒေါ့မွန်နဲ့ အာဆင်နယ်မှာ ကစားချိန် ဥရောပထိပ်တန်းတိုက်စစ်မှူးစာရင်းဝင်ခဲ့တဲ့ အူဘာမီယန်းက "အသင်းရဲ့ပြဿနာတွေကိုသုံးသပ်မယ်ဆိုရင် ကျွန်တော်တစ်ဦးတည်းဆိုတာထက် အများကြီး ပိုမိုနက်ရှိုင်းတယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ဂါဘွန်တိုက်စစ်မှူးက မာဆေးလ်မှထွက်ခွာလာပြီးနောက် ကာလရှည်ရုန်းကန်ခဲ့ရပြီး လာလီဂါပြိုင်ပွဲဆီ လတ်တလောပြန်ရောက်ရှိလာတဲ့ ဒီပို့တီဗိုနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဂါဘွန်အသင်းနည်းပြသစ် ဆီဘက်စတီယန်မစ်ဂ်ညီကတော့ လာမယ့်နှစ်အာဖရိကဖလားပြိုင်ပွဲအတွက် အခုလနှောင်းပိုင်း၊ ခြေစစ်ပွဲအုပ်စုအဖွင့်ပွဲစဉ်တွေကို အူဘာမီယန်းမပါဝင်ဘဲအတွက် ပြင်ဆင်သွားရပါတော့မယ်။
ခြေစစ်ပွဲအဆင့်မှာ ဂါဘွန်အသင်းက ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့ မော်ရိုကို၊ နိုင်ဂျာ၊ လီဆိုသိုအသင်းတို့နဲ့အတူ အုပ်စု(A) မှာ ကျရောက်နေပါတယ်။