အာရုံကြောချို့ယွင်းမှုဝေဒနာ စစ်ဆေးတွေ့ရှိခဲ့တဲ့ မူစီယာလာရဲ့အနာဂတ် စိုးရိမ်စရာမရှိဘူးလို့ ဘိုင်ယန်မြူးနစ် သတ်မှတ်ထား
ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဟိုင်ဒင်ဟိမ်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ခြေစမ်းပွဲစဉ်မှာ မူစီယာလာက ရက်ပိုင်းအတွင်း ဒုတိယအကြိမ်အဖြစ် ကွင်းတွင်းရုတ်တရက်လဲကျသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ တယ်လီကွန်ဖလားပွဲစဉ်မှာလည်း မူစီယာလာနဲ့ပတ်သက်လို့ အလားတူဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ဖူးပါတယ်။
ပွဲစဉ်အပြီး ဂျာမနီလက်ရွေးစင်ကစားသမားက သူ့ရဲ့ Instagram မှတဆင့် ကွင်းတွင်းလဲကျနေမှုနဲ့ပတ်သက်လို့ မကြာခဏပေါ်ပေါက်လေ့ရှိတဲ့ အာရုံကြောပိုင်းဆိုင်ရာချို့ယွင်းချက် ခံစားနေရပြီး ဒီဝေဒနာကို လွယ်လွယ်ကူကူကုသနိုင်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
မူစီယာလာက လက်ရှိကုသနေမှုနဲ့ ကစားသမားဘ၀ဆက်လက်ဖြတ်သန်းနိုင်ရေးအပေါ် အကောင်းမြင်စိတ်အပြည့် ရှိထားဆဲပဲလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနဲ့နီးစပ်သူတွေဆီ ဂျာမန်သတင်းအေဂျင်စီတစ်ခုဖြစ်တဲ့ ဒီပီအေ (DPA)မှ ဆက်သွယ်မေးမြန်းခဲ့ရာ ဒီစစ်ဆေးတွေ့ရှိချက်ကြောင့် မူစီယာလာရဲ့ကစားသမားဘဝ ထိခိုက်နိုင်ခြေရှိတယ်ဆိုတဲ့ လက္ခဏာမျိုး အခုအချိန်အထိ မတွေ့ရသေးဘူးလို့ အလေးအနက်တုံ့ပြန်ဖြေကြားပေးခဲ့ပါတယ်။
မူဆီယာလာကို ထိပ်တန်းအဆင့်မှာ ဆက်မကစားနိုင်တော့ဘူးဆိုတဲ့ သက်သေအထောက်အထားမျိုး လုံး၀မတွေ့ရှိရဘဲ ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲမှာလည်း ဆရာဝန်တွေနဲ့ အကြေအလည်ဆွေးနွေးတိုင်ပင်ပြီး ပါဝင်ကစားခဲ့တာဖြစ်လို့ လုံး၀ပြဿနာမရှိဘူးလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်စနေနေ့၊ ဆစ်ဂနယ်အီဒူးနားပတ်ခ်ကွင်းမှာ ဒေါ့မွန်အသင်းနဲ့ရင်ဆိုင်ရမယ့် ဂျာမန်စူပါဖလားပွဲစဉ်နဲ့အတူ ဘောလုံးရာသီသစ်ရဲ့ တရားဝင်ပွဲစဉ်ကို စတင်သွားပါလိမ့်မယ်။
ဂျာမန်ချန်ပီယံဘိုင်ယန်မြူးနစ်အသင်းဘက်ကတော့ လာမယ့်သီတင်းပတ်တွေအထိ မူစီယာလာရဲ့ကျန်းမာရေးအခြေအနေ တိုးတက်ပြောင်းလဲလာမယ့်ပုံစံအပေါ် တစုံတရာခန့်မှန်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။