The network connection is lost.

Banner Image

အခုရက်ပိုင်းအတွင်း ကွင်းတွင်းမကြာခဏလဲကျနေမှုနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားလာတဲ့ မူစီယာလာ

ပြီးခဲ့တဲ့အင်္ဂါနေ့၊ ဟိုင်ဒင်ဟိမ်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ခြေစမ်းပွဲစဉ်မှာ ရက်ပိုင်းအတွင်း ဒုတိယအကြိမ်အဖြစ် ကွင်းတွင်းမှာ မူစီယာလာ ရုတ်တရက်လဲကျသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ လိုက်ပ်ဇစ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ တယ်လီကွန်ဖလားပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ်ကြယ်ပွင့်အတွက် အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဂျာမနီလက်ရွေးစင်ကစားသမားက ကွင်းတွင်းဆေးဘက်ဆိုင်ရာကုသမှုခံယူပြီးနောက် ကွင်းတွင်းမှ ကိုယ်တိုင်လမ်းလျှောက်ထွက်ခွာသွားခဲ့ပါတယ်။

မကြာသေးမီရက်ပိုင်းတွေအတွင်း ကွင်းတွင်းမကြာခဏလဲကျနေမှုနဲ့ပတ်သက်လို့ မူစီယာလာကတော့ ပရိသတ်တွေရဲ့စိုးရိမ်မှုကို လျှော့ချပေးနိုင်ဖို့အတွက် Instagram မှတဆင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။

"ပထမဦးဆုံး ကျွန်တော် နေကောင်းပါတယ်။ ပေးပို့ကြတဲ့ မက်ဆေ့ချ်တွေအားလုံးနဲ့ အားပေးမှုတွေအတွက် အထူးကျေးဇူးတင်ရှိပါတယ်။ လူအတော်များများ စိုးရိမ်ပူပန်နေကြတယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒီနေ့တော့ စိုးရိမ်စိတ်တွေ ပြေလျော့သွားစေဖို့အတွက် အနည်းငယ်ရှင်းပြသွားချင်ပါတယ်" 

"ကျွန်တော့်မှာ အာရုံကြောဆိုင်ရာချို့ယွင်းမှုကြောင့် ခဏတာ အသိစိတ်လွတ်သွားခြင်းဝေဒနာ ခံစားနေရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီရောဂါက ခဏလောက်ပဲ ပေါ်လာလေ့ရှိပြီး အလွယ်တကူကုသနိုင်ပါတယ်။ ဒီလိုအခြေအနေတွေကို လိုက်ပ်ဇစ်နဲ့ပွဲစဉ်မှာရော၊ ဟိုင်ဒင်ဟိမ်းပွဲစဉ်မှာပါ မြင်တွေ့ခဲ့ရပါတယ်"လို့ မူစီယာလာက သူ့ရဲ့ ထုတ်ပြန်ချက်မှာ စတင်ရေးသားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားက သူ့ကို ကုသပေးနေတဲ့ အာရုံကြောဆိုင်ရာပါရဂူတွေနဲ့ အနီးကပ်တိုင်ပင်ဆွေးနွေးပြီး သူ့ရဲ့နေ့စဉ်ဘဝကို တတ်နိုင်သမျှ ပုံမှန်အတိုင်း ဆက်လက်ဖြတ်သန်းသွားဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

"ပထမဆုံး ကြည့်လိုက်ရင် ဒါက ကြောက်စရာကောင်းတယ်လို့ ထင်ရပေမဲ့ ကျွန်တော့်အတွက်တော့ လက်ရှိမှာ ဒါက နေ့စဉ်ဘဝရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပါတယ်။ ဒီအတွက် အကောင်းဆုံးဆေးဘက်ဆိုင်ရာကုသမှုတွေ ခံယူနေပြီး အကောင်းမြင်စိတ် အပြည့် ရှိပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကျွန်တော့်ရဲ့မိသားစု၊ မိတ်ဆွေတွေက ကျွန်တော့်ရဲ့ဘေးမှာ အမြဲရှိနေပြီး ဒီခရီးလမ်းမှာ ပံ့ပိုးပေးနေကြပါတယ်။

အရေးကြီးဆုံးအချက်ကတော့ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုတွေ မရှိတာပါပဲ။ ပါရဂူတွေနဲ့ အနီးကပ်တိုင်ပင်ပြီး ပုံမှန်ဆက်သွယ်နေသလို ဒီစိန်ခေါ်မှုကို ရင်ဆိုင်သွားဖို့ဆိုတာ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဆန္ဒသာ ဖြစ်ပါတယ်။ အာရုံကြောပါရဂူတွေရဲ့ခွင့်ပြုချက်နဲ့အတူ ကျွန်တော်ပြန်လည်ကောင်းမွန်လာဖို့အတွက် အထောက်အကူအဖြစ်ဆုံးအရာဖြစ်တဲ့ နေ့စဉ်ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းသွားဖို့နဲ့ ကျွန်တော်ဝါသနာပါတဲ့ ဘောလုံးအားကစားကို ဆက်လက်လုပ်ဆောင်သွားဖို့ပဲ အာရုံစိုက်သွားပါမယ်။ ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော် ကိုယ်တိုင်တာဝန်ယူထားတာပါ။ ယေဘုယျအားဖြင့် ကျွန်တော့်မှာ အရမ်းကောင်းမွန်တဲ့ခံစားချက်ရှိပြီး လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ယုံကြည်ပါတယ်။

ဒီခရီးလမ်းမှာ ကျွန်တော့်အတွက် အထောက်အကူအဖြစ်ဆုံးအရာကတော့ ပရိသတ်တွေရဲ့ အံ့အားသင့်စရာအားပေးမှုတွေနဲ့အတူ ကျွန်တော့်အသင်းနဲ့ ဖလားတွေ၊ နိုင်ပွဲတွေကို ဆက်လက်ဆွတ်ခူးသွားဖို့ပဲ ဖြစ်ပါတယ်။ ဒါက ပရိသတ်တွေကိုယ်တို်င ကျွန်တော့်ကို ပိုမိုနားလည်နိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီကိစ္စကို ကျွန်တော် အယုံကြည်ရဆုံးသူတွေ၊ ကလပ်အသင်းနဲ့ ပါရဂူတွေအကြားမှာပဲ ထားရှိလိုမှုအပေါ် နားလည်ပေးကြဖို့ တောင်းဆိုချင်ပါတယ်" လို့ မူစီယာလာက ထုတ်ပြန်ချက်မှာ နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။