အသင်းဖော်သစ်ဂူမာယေးစ်နဲ့ ချက်ချင်းဆိုသလို အချိတ်အဆက်မိမိကစားနိုင်ခဲ့လို့ ဝမ်းသာနေတဲ့ အိုဒီဂတ်
အာဆင်နယ်အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်က အာတီတာရဲ့အသင်းအတွက် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ အဆင့်သစ်တစ်ခုဆီ ပို့ဆောင်ပေးနိုင်မယ့်သူအဖြစ် အသင်းဖော်သစ်ဂူမာယေးစ်အပေါ် ယုံကြည်ထားပါတယ်။
ဂန်းနားတွေက ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအလွန်၊ နယူးကာဆယ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အခုလအစောပိုင်းမှာ ဘရာဇီးလက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ ပေါင် သန်း ၇၀ တန် သဘောတူညီမှု အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့ပါတယ်။
ဂူမာယေးစ်က အသင်းခေါင်းဆောင်အိုဒီဂတ်၊ ဒီကလန်ရိုက်စ်၊ ဇူဘီမန်ဒီ၊ မီရီနိုနဲ့ လီဝစ်စကယ်လီတို့လို အာတီတာရဲ့ကွင်းလယ်အင်အားစုမှာ အားကိုးနိုင်မယ့် ရွေးချယ်စရာတစ်ခုအဖြစ် ပါဝင်လာပါတယ်။
ဇူဘီမန်ဒီကတော့ သူ့ရဲ့ပွဲထွက်ခွင့်နေရာ ဆုံးရှုံးမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ တဖက်မှာလည်း အိုဒီဂတ်က ပြိုင်ဘက်မန်စီးတီးအပေါ် ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်အတွင်း ဂူမာယေးစ်ရဲ့ပွဲဦးထွက်ခြေစွမ်းကို သဘောကျနေခဲ့ပါတယ်။
"ဒါ အလွန်သဘာဝကျလွန်းပြီး ကျွန်တော်တို့အကြား အချိတ်အဆက်မိဖို့ အဆင်သင့်ရှိနေပြီလို့ ထင်ပါတယ်။
လေ့ကျင့်ရေးကွင်းဆီ ဂူမာယေးစ်စရောက်လာချိန်ကတည်းက ထိပ်တန်းကစားသမားတစ်ဦးဆိုတာကို မြင်တွေ့နိုင်ပြီး သူ့ရဲ့တည်ရှိမှုနဲ့ အရည်အသွေးကို ခံစားမိစေပါတယ်။ သူနဲ့ အချိတ်အဆက်မိမိကစားဖို့ဆိုတာ အလွန်လွယ်ကူပါတယ်။ တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ဦးပါ။
ပထမဆုံးနေ့ကတည်းက အရာရာတိုင်း သဘာဝကျနေခဲ့ပါတယ်။ အရင်တုန်းက သူ့နဲ့ ကျွန်တော်တို့ကြား ကွင်းတွင်းမှာ အပြင်းအထန်ရင်ဆိုင်ခဲ့ဖူးတယ်ဆိုပေမဲ့ အခုတော့ အသင်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် သူက သဘာ၀ကျကျ ဝင်ဆံ့သွားပြီး သူ့ရဲ့အရည်အသွေးကိုလည်း မြင်တွေ့နိုင်ပါတယ်။
သူ့မှာ ဘောလုံးလုယူနိုင်စွမ်းရှိပြီး တကယ့် တိုက်ပွဲဝင်လိုစိတ်လည်း ရှိပါတယ်။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာလည်း အရည်အသွေးတွေ အများကြီးရှိနေပါတယ်" လို့ အိုဒီဂတ်က ဆိုပါတယ်။
ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ဂူမာယေးစ်ကို ဒီကလန်ရိုက်စ်နဲ့ လူစားလဲလှယ်ခဲ့ပြီး ဇူဘီမန်ဒီကတော့ ပွဲချိန်နောက်ဆုံး ၁၅ မိနစ်ကို ပါဝင်ကစားခဲ့ပါတယ်။ ဒါကြောင့် သြဂုတ် ၂၁ ရက်၊ ကိုဗင်ထရီစီးတီးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့် အိမ်ကွင်းပွဲစဉ်အတွက် ပွဲထွက်ခွင့်နေရာရရှိဖို့ ယှဉ်ပြိုင်မှုတွေ စတင်နေပါပြီ။