ဘူအာဒီအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးကို လိုင်လီအသင်း လက်ခံလိုက်ပြီးနောက် ဆွေးနွေးမှုတွေ စတင်လိုက်တဲ့ မန်စီးတီး
မန်စီးတီးက အသင်းမှထွက်ခွာတော့မယ့် ရိုဒရီရဲ့နေရာကို အစားထိုးဖို့အတွက် အချိန်မဆွဲတော့ဘဲ အာယွတ်ဘူအာဒီရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ လိုင်လီအသင်းနဲ့ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရယူလိုက်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ကွင်းလယ်ကစားသမားအတွက် လီဂူးဝမ်းကလပ်အသင်းက ယူရို သန်း ၁၀၀ (ပေါင် ၈၆ ဒဿမ ၅ သန်း)အထိ စျေးနှုန်းသတ်မှတ်ထားပါတယ်။ လိုင်လီအသင်းနည်းပြဒါးဗစ်ဒီအန်ဆယ်လော့တီကလည်း အပြောင်းအရွှေ့အတွက် ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။
BBC Sport ရဲ့နောက်ဆုံးသတင်းတွေအရ အခုနွေရာသီ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ဘူအာဒီကို မန်စီးတီးက လိုင်လီအသင်းတောင်းဆိုထားတဲ့ စျေးနှုန်းပမာဏအတိုင်း တရာဝင်ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။။
ဘူအာဒီက အသက်အရွယ်ငယ်သေးပေမဲ့ လိုင်လီစီနီယာအသင်းကြီးမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေတာ နှစ်နှစ်ရှိနေပါပြီ။ အခုတော့ သူ့ရဲ့ကစားသမားဘ၀ နောက်တစ်ဆင့်မြှင့်တင်ဖို့အတွက် အခွင့်အရေးတစ်ခု အဆင်သင့် ရှိနေပါပြီ။
မန်စီးတီးက သြဂုတ်လကုန်မတိုင်ခင် သူ့ကို မန်ချက်စတာမြေဆီ ခေါ်ယူနိုင်ဖို့အတွက် ရေရှည်စာချုပ်တစ်ရပ်ဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး စာချုပ်ကိစ္စအသေးစိတ်အချက်အလက်တွေကိုလည်း ဆက်လက်ဆွေးနွေးနေပါတယ်။
ဒီအပြောင်းအရွှေ့သာ အခုဈေးနှုန်းအတိုင်း အောင်မြင်သွားမယ်ဆိုရင် ဘူအာဒီက ပရီးမီးယားလိဂ်သမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ဆယ်ကျော်သက်ကစားသမားအဖြစ် စံချိန်တင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ဆယ်ကျော်သက်ကစားသမားစာရင်းမှာလည်း ဂျော်အိုဖီးလစ်၊ ဘယ်လင်ဟမ်၊ ဒီအိုမန်ဒီ၊ အမ်ဘာပေတို့ရဲ့နောက်၊ ပဉ္စမနေရာမှာ ရပ်တည်နိုင်ပါလိမ့်မယ်။