ဘိုင်ယန်မြူးနစ်မှာပဲ ဆက်ရှိနေဖို့အတွက် လမ်းဖွင့်ပေးထားတဲ့ ဟယ်ရီကိန်း
တိုက်စစ်ကြယ်ပွင့်ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်မှာပဲ ရေရှည်ဆက်ရှိနေဖို့အတွက် လမ်းဖွင့်ပေးထားပါတယ်။
အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးက ၂၀၂၃ ခုနှစ်၊ တော့တင်ဟမ်မှ ပြောင်းရွှေ့လာပြီးနောက် ဘိုင်ယန်မြူးနစ်မှာ အောင်မြင်တဲ့ကစားသမားဘ၀ကို တည်ဆောက်ထားနိုင်ပါတယ်။ သူက ဂျာမန်ဘီလူးကြီးအတွက် ၁၄၇ ပွဲကစား၊ ၁၄၆ ဂိုးအထိ သွင်းယူကာ အံ့အားသင့်စရာစံချိန်ကို ပိုင်ဆိုင်ထားပါတယ်။
ဒီအင်္ဂလန်အသင်းခေါင်းဆောင်ရဲ့လက်ရှိစာချုပ်က လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးဖို့ရှိပေမဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် သက်ဆိုင်သူအားလုံး ဆန္ဒရှိနေကြပါတယ်။
"ကျွန်တော့်စာချုပ်က တစ်နှစ်ပဲ ကျန်တော့လို့ အခုအချိန်က ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးရမယ့် အချိန်ပါပဲ" လို့ ဟယ်ရီကိန်းက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ထားလို့ ဂျာမန်ထိပ်သီးကလပ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ မပါဝင်နိုင်ခဲ့ပါဘူး။
ဘိုင်ယန်မြူးနစ်က လာမယ့်စနေနေ့(သြဂုတ် ၂၂ ရက်)မှာ ဒေါ့မွန်နဲ့ရင်ဆိုင်ရမယ့် ဂျာမန်စူပါဖလားပွဲစဉ်နဲ့အတူ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီသစ်ကို စတင်သွားပါလိမ့်မယ်။