The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းသုံးသပ်ပြောဆိုလာတဲ့ မက်ဂွါရီ

မက်ဂွါရီက ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ဆက်ရှိနေစေဖို့အတွက် သူအပါအဝင် မန်ချက်စတာယူနိုက်တက်ကစားသမားအားလုံး လိုလားနေကြတယ်လို့ ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရာသီအဖွင့်အဝေးကွင်းပွဲစဉ်အဖြစ် ဟားလ်စီးတီးနဲ့ရင်ဆိုင်ရဖို့ သီတင်းတစ်ပတ်သာ လိုအပ်တော့ချိန် ရက်ရှ်ဖို့ဒ်က အေစီမီလန်ကိုအရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကစားသမားတွေနဲ့အတူ ပါဝင်ကစားခဲ့ပါတယ်။

ဒီအင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးက ပြီးခဲ့တဲ့ရာသီ၊ ဘာစီလိုနာအသင်းဆီ အငှားထွက်ကစားခဲ့ပြီး ၁၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ပြုလုပ်ခဲ့သလို လာလီဂါချန်ပီယံဆုအပါအဝင် ဆုဖလားနှစ်လုံး ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုတော့ အသက်-၂၈ နှစ်အရွယ်ကစားသမားကို မန်ချက်စတာယူနိုက်တက်အသင်းမှာ ပြန်လည်မြင်တွေ့ရနေသလို နည်းပြကာရစ်ကိုယ်တိုင်လည်း ကျောနံပါတ် ၁၄ ဂျာစီ ပေးအပ်ကာ အသင်းလူစာရင်းဆီ ပြန်လည်ထည့်သွင်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

အလားတူ မက်ဂွါရီကလည်း အသင်းမှာ ရက်ရှ်ဖို့ဒ်ဆက်ရှိနေဖို့ လိုလားနေပြီး တိုက်စစ်ပိုင်းအင်အားဖြည့်တင်းချင်တဲ့ သူ့ရဲ့ဆန္ဒတစ်ခုအကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

"အပြောင်းအရွှေ့ဈေးကွက်တော့ ဖွင့်ထားတုန်းပါပဲ" လို့ မက်ဂွါရီက ဆိုပါတယ်။ "ဒါပေမဲ့ ကစားသမားတွေကတော့ ရက်ရှ်ဖို့ဒ်ကို အသင်းမှာဆက်ရှိနေဖို့ မျှော်လင့်ကြပါတယ်။ သူရှိနေမယ်ဆိုရင် အသင်းအတွက် တကယ့်ကို အဖိုးတန်တဲ့အင်အားတစ်ခု ဖြစ်လာနိုင်ပါတယ်။ သူက ကျွန်တော်တို့ကို ပိုပြီးတိုးတက်လာအောင် လုပ်ပေးနိုင်တယ်ဆိုတာ သေချာပါတယ်"

"သူ လူစားဝင်လာချိန်မှာ ပြိုင်ဘက်နောက်တန်းကို ဘယ်လောက်အထိ ကောင်းကောင်း ခြိမ်းခြောက်နိုင်လဲဆိုတာ အားလုံးမြင်ခဲ့ကြပါတယ်။ ဂိုးတောင် ရခဲ့သင့်ပါတယ်။ သူက ပြိုင်ဘက်တွေကို အမှန်တကယ် အန္တရာယ်ပေးနိုင်ပါတယ်"

"ကျွန်တော် ရက်ရှ်ဖို့ဒ်နဲ့အတူ တွဲဖက်ကစားခဲ့တာ နှစ်တွေအကြာကြီး ရှိခဲ့ပါပြီ။ လေ့ကျင့်ရေးကွင်းမှာ သူ့ကိုပြန်ရင်ဆိုင်ရတာ သို့မဟုတ် သူနဲ့အတူ တွဲဖက်ကစားရတာက ကျွန်‌ော်တို့အတွက် အထောက်အကူ အများကြီးဖြစ်စေမယ်ဆိုတာ ကျွန်တော်သိပါတယ်" လို့ မက်ဂွါရီက ဆက်ပြောပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ပိတ်ဖို့ သီတင်းနှစ်ပတ်သာ လိုအပ်တော့ပေမဲ့ ရက်ရှ်ဖို့ဒ်က သရဲနီကစားသမားအဖြစ်ပဲ ဆက်ရှိသွားနိုင်ပြီး ပရိသတ်တွေအကြားမှာတော့ သဘောထားကွဲလွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။