The network connection is lost.

Banner Image

ဗန်ဒိုက်ကို စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ပြီး တွဲဖက်ကစားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အရူဂျိုပြောကြား

ဒီနွေရာသီမှာ ဘာစီလိုနာမှ လီဗာပူးဆီ အငှားဖြင့်ပြောင်းရွှေ့လာတဲ့ အရူဂျိုက ဗန်ဒိုက်ကို အားကျအတုယူရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

လီဗာပူးနည်းပြအီရာအိုလာက ကိုနာတေးထွက်ခွာသွားမှုနဲ့ ဂျိုးဂိုးမက်ဇ်ဒဏ်ရာရရှိသွားမှုတို့ကြောင့် ခံစစ်ပိုင်းအတွက် အင်အားဖြည့်တင်းဖို့ အသည်းအသန်ကြိုးစားနေပါတယ်။ ဒါပေမဲ့ လီဗာပူးအသင်းက တောင်ပံကစားသမားနှစ်ဦးခေါ်ယူနိုင်ရေးအတွက် ငွေပုံအောသုံးစွဲဖို့ ပြင်ဆင်နေလို့ ဘာစီလိုနာမှာ နေရာမရဖြစ်နေတဲ့ အရူဂျိုကို အငှားစာချုပ်နဲ့ပဲ ခေါ်ယူခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်ကစားသမားက အသင်းအတွက် လိုအပ်နေတဲ့ ဗဟိုခံစစ်ပိုင်းအင်အားနဲ့ အတွေ့အကြုံတွေကို ဖြည့်ဆည်းပေးပါလမ့်မယ်။ သူက ယမန်နှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၈ ပွဲ ကစားခဲ့သလို ဇန်နဝါရီလအတွင်း တာစတီဂန်ထွက်ခွာသွားပြီးနောက် ဘာစီလိုနာအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။

လီဗာပူးအသင်းကတော့ လီယိုနီ၊ ဂျက်ကွက်တို့အပြင် အဓိကကစားသမားဗန်ဒိုက်ကို ဝိုင်းကူပေးနိုင်မယ့် နောက်ခံလူတစ်ဦးကို ရရှိခဲ့ပြီး အရူဂျိုကိုယ်တိုင်လည်း ဗန်ဒိုက်ကို သူ အားကျရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

"ဗန်ဒိုက်က ဘယ်လောက်အထိထက်မြက်တဲ့ကစားသမားလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ သူက အသင်းအတွက် တကယ့်ကို အားကိုးရသူဖြစ်သလို ကျွန်တော့်အတွက်လည်း စံပြပုဂ္ဂိုလ်တစ်ဦးပါပဲ"

"သူနဲ့အတူ တွဲဖက်ကစားခွင့်ရဖို့နဲ့ ကွင်းတွင်းကွင်းပြင် အတူတကွဖြတ်သန်းသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုအခွင့်အရေးရလို့ တကယ်ပဲ စိတ်လှုပ်ရှားမိသလို သူ့ဆီမှ သင်ယူပြီး အတူတူတွဲကစားရမယ့် အနာဂတ်အတွက်လည်း ပျော်ရွှင်နေပါတယ်။ အစွမ်းကုန်ကြိုးစားသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ခံစစ်အတွဲအတွက် အောင်မြင်မှုတွေ ရှိလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" လို့ အရူဂျိုက ပြောပါတယ်။

လီဗာပူးအသင်းကတော့ ဘောလုံးရာသီသစ်အပြီးမှာ ဒီတောင်အမေရိကသားကို ပေါင် ၄၇ သန်းဖြင့် အပြီးသတ်ဝယ်ယူနိုင်မယ့်အခွင့်အရေးလည်း ရရှိထားပါတယ်။ ဒါကြောင့် အရူဂျိုသာ ဗန်ဒိုက်နဲ့အတူ ခြေစွမ်းပြနိုင်မယ်ဆိုရင် မာဆေးဆိုဒ်မှာ ဆက်ရှိနေနိုင်ပါလိမ့်မယ်။

လီဗာပူးအသင်းကတော့ အခုသီတင်းပတ်ပိတ်ရက်၊ အန်ဖီးလ်ကွင်းမှာ စီးရီးအေကလပ် ကိုမိုအသင်းနဲ့ ခြေစမ်းကစားပြီးနောက် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်နဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်။