ရာသီကြိုဒုတိယမြောက်ရှုံးနိမ့်မှုအပြီး ဒဏ်ရာရလီဗာပူးကစားသမားနှစ်ဦးရဲ့ အခြေအနေကို အီရာအိုလာရှင်းပြ
လီဗာပူးနည်းပြအီရာအိုလာက တနင်္ဂနွေနေ့၊ မိုနာကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ရာသီကြိုပွဲစဉ်အပြီးမှာ ဂျရမီဂျက်ကွက်နဲ့ ကာတစ်ဂျုံးစ်တို့ရဲ့ ကြံ့ခိုင်မှုအခြေအနေကို ပြောပြခဲ့ပါတယ်။
ဒီပွဲစဉ်မှာ အီဆက်ခ်နဲ့ ဖလော်ရီယန်ဝစ်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ လီဗာပူးက စောစာစီးစီး နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမဲ့ မိုနာကိုရဲ့ပြန်လာမှုကို ခွင့်ပြုရကာ ၂-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
လီဗာပူးအသင်းက အခုပွဲစဉ်မှာ ဂျက်ကွက်ရော၊ ကာတစ်ဂျုံးစ်ကိုပါ အသုံးမပြုနိုင်ခဲ့ပါဘူး။ ပုခုံးဒဏ်ရာမှပြန်သက်သာလာတဲ့ ပြင်သစ်နောက်ခံလူဂျက်ကွက်ကိုတော့ အသင်းလူစာရင်းမှာ ထည့်သွင်းဖို့ စဉ်းစားခဲ့ပါသေးတယ်။
"ဂျရမီဂျက်ကွက်ကို ဒီနေ့ပွဲမှာ ထည့်ဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးတော့ မထည့်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်ပွဲမှာတော့ သူ အဆင်ပြေပါလိမ့်မယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလိုပဲ သူ ပြန်ကောင်းလာဖို့အတွက် အချိန်နည်းနည်းတော့ ယူနေရပါတယ်" လို့ အီရာအိုလာက သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ခါးဆစ်ပိုင်းဒဏ်ရာအနည်းငယ်ကြောင့် အခုပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်ကာတစ်ဂျုံးစ်နဲ့ ပတ်သက်ပြီးတော့လည်း အီရာအိုလာက အပြုသဘောဆောင်တဲ့ သတင်းစကား ပါးခဲ့ပါတယ်။
"ကာတစ်ကတော့ နေ့တိုင်း လေ့ကျင့်ခန်းဆင်းနေတာပါ။ ဒါပေမဲ့ မနေ့၊ လေ့ကျင့်ခန်းအပြီး ခါးဆစ်ပိုင်းမှာ နည်းနည်း ပြဿနာရှိသွားပါတယ်။ အရမ်းကြီးတော့ မစိုးရိမ်ရပေမဲ့ အန္တရာယ်ဖြစ်မယ့်အရေးစိုးရိမ်လို့ အနားပေးလိုက်တာပါ။ ဒီကစားသမားနှစ်ဦးလုံး ပြန်လာနိုင်ဖို့ အခြေအနေ အတော်လေး နီးစပ်နေပါပြီ" လို့ အီရာအိုလာက ဆိုပါတယ်။