အာဆင်နယ်ရဲ့ ရာသီအဖွင့်ပွဲစဉ်တွေကို တင်ဘာ လွဲချော်လိမ့်မယ်လို့ အာတီတာ အတည်ပြု
Emirates Cup အိမ်ကွင်းပွဲစဉ်မှာ ဒေါ့မွန်အသင်းကို ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် အာဆင်နယ်အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲရလဒ်တွေ အတက်အကျရှိနေပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံတွေက နွေရာသီခြေစမ်းပွဲစဉ်တွေရဲ့ အစမှာ MK Dons နဲ့ ဂျီရိုနာတို့ကို နှစ်ပွဲဆက်နိုင်ခဲ့ပေမဲ့ ဒဗ္ဗလင်မှာ ဘက်တစ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ဒေါ့မွန်ကို ဆက်လက်အရေးနိမ့်ခဲ့ပါတယ်။ အာဆင်နယ်က လာမယ့်သြဂုတ် ၁၂ ရက်မှာ ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းနဲ့ နောက်ဆုံးခြေစမ်းပွဲစဉ် ယှဉ်ပြိုင်ပြီးနောက် လေးရက်အကြာမှာ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ကစားရပါမယ်။
ဒေါ့မွန်နဲ့ပွဲစဉ်အပြီး အာတီတာက ကမ္ဘာ့ဖလားကာလအလွန် အားလပ်ရက်ယူနေတဲ့ ကျန်ရှိကစားသမားတွေ လာမယ့်ရက်ပိုင်းအတွင်း လေ့ကျင့်ရေး ပြန်စတင်နိုင်ဖို့ရှိပေမဲ့ ဆာလီဘာနဲ့ တင်ဘာတို့တော့ အချိန်အတော်ကြာ အနားယူရဦးမယ်လို့ အတည်ပြုခဲ့ပါတယ်။
ဆာလီဘာက ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ရရှိခဲ့တဲ့ ခါးဒဏ်ရာကြောင့် အနည်းဆုံး အောက်တိုဘာလအထိ အနားယူရနိုင်ပါတယ်။ တင်ဘာကိုလည်း ပေါင်ခြံဒဏ်ရာကြောင့် စပိန်မှာပြုလုပ်တဲ့ အာဆင်နယ်ရဲ့လေ့ကျင့်ရေးစခန်းမှ နေရပ်ဆီ ပြန်လည်စေလွှတ်လိုက်ရပါတယ်။
အစောပိုင်းမှာ တင်ဘာရဲ့ဒဏ်ရာကို ကြိုတင်ကာကွယ်မှုအတွက် အနားပေးခဲ့တာဖြစ်ပေမဲ့ အဲ့ဒီအချိန်ကတည်းက သူဘယ်တော့ပြန်လာမလဲဆိုတာ အာတီတာကိုယ်တိုင်လည်း အသေအချာမပြောနိုင်တော့ပါဘူး။
"တင်ဘာရဲ့အခြေအနေကတော့ တိုးတက်မှုရှိပါတယ်။ ဒါပေမဲ့ သူပြန်လာနိုင်ဖို့ဆိုတာတော့ အတော်လေးကြာပါဦးမယ်။ ဆာလီဘာလည်း အနားယူနေတုန်းပါပဲ။ သူတို့နှစ်ဦးလုံးက ထက်မြက်တဲ့ကစားသမားတွေဖြစ်လို့ သူ့တို့ကိုလက်လွှတ်ရတယ်ဆိုတာ အသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ" လို့ အာတီတာက ဆိုပါတယ်။
အာဆင်နယ်အသင်းက သြဂုတ်လ ၂၁ ရက်နေ့မှာ ကိုဗင်ထရီစီးတီးနဲ့ရင်ဆိုင်ကစားရင်း ချန်ပီယံဆုကာကွယ်ရေးခရီးစဉ်ကို စတင်သွားဖို့ရှိနေပြီး အဲ့ဒီပွဲစဉ်မှာတော့ ညာနောက်ခံလူအဖြစ် ဘန်ဝှိုက်ကိုပဲ အသုံးပြုသွားနိုင်ပါတယ်။