ရဲရဲရင့်ရင့်ကစားလေ့ရှိတဲ့ ဒီအိုမန်ဒီကို ရီးရဲလ်မက်ဒရစ် တန်ဖိုးထားလို့ ဂုဏ်ယူကျေနပ်နေတဲ့ လိုက်ပ်ဇစ်အကြီးအကဲ
ရီးရဲလ်မက်ဒရစ်ဆီ ဒီအိုမန်ဒီပြောင်းရွှေ့သွားမှုနဲ့ပတ်သက်လို့ လိုက်ပ်ဇစ်အားကစားဒါရိုက်တာမာကယ်ရှာဖာက သုံးသပ်ပြောကြားလိုက်ပါတယ်။
အခုနွေရာသီ၊ ဥရောပဘောလုံးလောကရဲ့ အကြီးမားဆုံး အပြောင်းအရွှေ့သတင်းတစ်ခုအဖြစ် ဒီအိုမန်ဒီရဲ့ လိုက်ပ်ဇစ်မှ ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့မှုက ကြာသပတေးနေ့မှာပဲ တရားဝင် အတည်ပြုနိုင်ခဲ့ပါတယ်။
အပြောင်းအရွှေ့အတည်ပြုပြီးနောက် လိုက်ပ်ဇစ်အားကစားဆိုင်ရာစီမံခန့်ခွဲမှုဒါရိုက်တာ မာဆယ်ရှာဖာက အသက် ၁၉ နှစ်အရွယ်တောင်ပံကစားသမားလေးကို ချီးကျူးစကား ဆိုခဲ့ပါတယ်။ ဆက်လက်ပြီး ရှာဖာက ယမန်နှစ်နွေရာသီ၊ လီဂါနက်စ်မှရောက်ရှိလာပြီးနောက် လိုက်ပ်ဇစ်မှာ ဒီအိုမန်ဒီ ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲဆိုတာကို ကြည့်ရှုပြီး ဂုဏ်ယူမိတယ်လို့လည်း ဆိုပါတယ်။
ရှာဖာက "ပထမဆုံးနေ့ကတည်းက ယန်ဒီအိုမန်ဒီက သူ့ရဲ့ မကြောက်မရွံ့ကစားပုံ၊ သင်ယူလိုစိတ်နဲ့ ကွင်းထဲမှာပြသတဲ့ သတ္တိတွေကြောင့် ကျွန်တော်တို့ကို အထင်ကြီးအောင် လုပ်နိုင်ခဲ့ပါတယ်။ ခဏလေးအတွင်းမှာပဲ သူ့ရဲ့အရှိန်အဟုန်၊ တစ်ဦးချင်းကျော်ဖြတ်နိုင်စွမ်းနဲ့ ဂိုးသွင်းနိုင်စွမ်းတွေက သူ့ကို ထိပ်တန်းအဆင့်မှာ နေရာရစေခဲ့ပါတယ်" လို့ လိုက်ပ်ဇစ်ဝက်ဘ်ဆိုက်ဆီ ပြောကြားခဲ့ပါတယ်။
"ဒီအိုမန်ဒီရဲ့ လိုက်ပ်ဇစ်အတွက် ခြေစွမ်းပြမှုတွေက နိုင်ငံတကာအဆင့်မှာ အာရုံစိုက်ခံနေရလို့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဒါက ကျွန်တော်တို့အသင်းမှာ တိုးတက်ချင်စိတ်ရှိတဲ့ လူငယ်ကစားသမားတွေ ဘယ်လောက်အထိ အစွမ်းပြနိုင်သလဲဆိုတာကို သက်သေပြလိုက်တာပါပဲ"
"ဒီအိုမန်ဒီရဲ့ ကြိုးစားအားထုတ်မှု၊ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ လိုက်ပ်ဇစ်ဂျာစီအင်္ကျီဝတ်ပြီး သူပြသခဲ့တဲ့ အမှတ်တရအခိုက်အတန့်တွေအတွက် ကျေးဇူးတင်ပါတယ်။ သူ့ရဲ့အနာဂတ်မှာ ကွင်းတွင်းကွင်းပြင်အောင်မြင်မှုတွေ အများကြီးရပါစေလို့ ဆုတောင်းပေးပါတယ်" လို့ ရှာဖာက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။